Friday, March 22, 2013

တိုက်ပွဲကြောင့် နေရပ်ပြန်သွားကြသော ကုန်သည်များ လိုင်ဇာသို့ ပြန်လည်နေရာယူလာ

KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတို့ကြား တင်းမာမှုကြောင့် လိုင်ဇာမြို့မှ နေရပ်ပြန်သွားခဲ့သော စီးပွားရေးကုန်သည်များသည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ ရွှေလီမြို့တွေ့ဆုံဆွေးနွေးပွဲ နောက်ပိုင်း တစတစ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

နှစ်ဖက်တင်းမာမှုကြောင့် နေရပ်ပြန်သွားခဲ့ရာမှ လတ်တလောဆွေးနွေးပွဲအပြီး အရောင်းအ၀ယ် စီးပွားရေးလုပ်ငန်းရှင်များ ပို၍သိသာစွာ ပြန်လည်နေရာယူလာခြင်းဖြစ်သည်ဟု လိုင်ဇာမြို့တွင် လက်ရှိအထည်ဆိုင်ဖွင့်ထားသော ဒေသခံအမျိုးသမီးတစ်ဦးပြောသည်။

“အရင်က ဗန်းမော်၊ မြစ်ကြီးနား၊ မူဆယ် ဖက်ကနေ ဈေးဆိုင်လာဖွင့်စား ဈေးရောင်းပြီးလာနေတဲ့လူတွေ တိုက်ပွဲဖြစ်တုန်းမှာတော့ အကုန်ပြန်သွားတာလေ။ အခု ပြန်လာဖွင့်တာများလာတယ်။ ဒီ ၁၁ ရက်နေ့ ရွှေလီမှာဆွေးနွေးပြီးတဲ့နောက်ပိုင်း သိသိသာသာ များလာတယ်။ နည်းနည်းတော့ပြန်စီလာတယ်။ အရမ်းကြီးတော့မဟုတ်ဘူးလေနော်။ တကယ့်စီးပွားရေး အကြီးစားတွေတော့ မတွေ့သေးဘူး”
၂၀၁၁ ဇွန်လမှ ဖြစ်ပွားလာသော အစိုးရနှင့် KIO ကြား တိုက်ပွဲများသည် ၂၀၁၃ နှစ်စပိုင်းအတွင်းပြင်းထန်စွာဖြစ်ပွားခဲ့ပြီး KIO ဌာနချုပ်လိုင်ဇာမြို့သို့ လက်နက်ကြီးများကျရောက်လာကာ လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အဆိုပါ လိုင်ဇာမြို့ရှိ ကုန်သည်များ နေရပ်ပြန်သွားခဲ့ပြီး ကုန်သွယ်ရေးလုပ်ငန်းများ ဈေးကွက်များ အားလုံးနီးပါး ရပ်တန့်သွားခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့်လများအတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့်နောက် တဖန်စတင်လာသော အစိုးရနှင့် KIO ၏ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်တပ်ဖွဲ့မှ ပစ်ခတ်မှုများ လျော့နည်းလာအောင် လုပ်ဆောင်ရန်သဘောတူညီခဲ့ရာ တင်းမာမှုများအရင်ကထက် လျော့နည်းလာခြင်းဖြစ်သည်။

ထို့အတူ လတ်တလော နှစ်ဖက်တိုက်ပွဲများကြောင့် တနှစ်ကျော်ကြာ ပိတ်ထားခဲ့သော ဗန်းမော်-မြစ်ကြီးနား ကားလမ်းကိုလည်း မတ်လ ၁၈ ရက်နေ့မှ စ၍ ဒေသခံများ သွားလာခွင့်ရနေပြီဖြစ်ကြောင်း သိရသည်။
သို့သော် တိုက်ပွဲများသည်ရပ်သွားခြင်းမရှိသေးသည့်အပြင် အဆိုပါဆွေးနွေးမှုများပြုလုပ်နေချိန်အတောအတွင်း အကောင်အထည်မဖော်သေးခြင်းမရှိနိုင်သ၍ ယုံကြည်မှုမရှိနိုင်သေးပဲ စိုးရိမ်စရာရှိနေသေးကြောင်း လိုင်ဇာဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ဆွေးနွေးနေသေးတဲ့အချိန်ဆိုတော့ နောက်ဘယ်လိုဖြစ်လာမယ်ဆိုတာလည်း ကောင်းကောင်းမပြောနိုင်သေးဘူး။ ဆွေးနွေးနေရင်လည်း တချို့နေရာတွေမှာတော့ ပစ်ခတ်တာတွေရှိသေးတယ်လေ။ အရင်ကလို လိုင်ဇာမှာ မပစ်ခတ်တာပဲရှိတယ်။ အဲဒါကြောင့် ကောင်းကောင်းပြောလို့ မရသေးဘူး။ မပြောနိုင်သေးဘူး။ ဖြစ်လာတဲ့ အချိန်မှာပဲ အော်ဟုတ်ပါလား!လို့ပြောလို့ရမယ်” ဟု ဒေသခံတစ်ဦးပြောခြင်းဖြစ်သည်။

လိုင်ဇာမြိုသည် တရုတ် နယ်စပ်ဒေသဖြစ်သောကြောင့် တရုတ်ပြည်သာမက ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ မူဆယ်၊ ဖားကန့် နှင့် အောက်ပြည်နေရာဒေသ အသီးသီးမှ ကုန်သည်များဝင်ရောက်လာကာ ကျောက်လုပ်ငန်း၊ အထည်လုပ်ငန်း၊ ယာဉ်အရောင်းအ၀ယ်နှင့် ကုန်ပစ္စည်းအရောင်းအ၀ယ် စသည့်လုပ်ငန်းများဖြင့် စည်ကားသောနေရာဖြစ်သည်။

ယခုချိန် KIO တပ်မဟာ(၄) နယ်မြေ ရှမ်းပြည်မြောက်ပိုင်းဖက်တွင် အစိုးရတပ်များစစ်ရေး လှုပ်ရှားမှုများကြောင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ အနည်းအကျဉ်းဖြစ်ပွားနေဆဲဖြစ်သည်။

အဆိုပါကိစ္စများတွင် KIO တပ်ဖက်မှ အစိုးရများသည် ၄င်းတို့နယ်မြေသို့ အဓမ္မ၀င်ရောက်ထိုးစစ်ဆင်လာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း ပြောဆိုနေသော်လည်း အစိုးရအထက်ပိုင်းမှ ၄င်းတို့တပ်များ အင်အားတိုး ထိုးစစ်ဆင်ခြင်းမပြုလုပ်ကြောင်း ငြင်းဆိုထားချိန်လည်းဖြစ်သည်။

No comments: