ABC
မိတ္ထီလာမြို့ရွှေဆိုင်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ပြဿနာကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ပြဿနာဟာ မနေ့ကအထိ ဆက် လက် ဖြစ်ပွားနေပြီး လူနေအိမ်မီးရှို့တာတွေ ရှိတဲ့အတွက် ဒေသခံတွေ ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။
အစိုးရကတော့ ဆူပူအကြမ်းဖက်တာတွေ၊ မီးရှို့တာတွေ၊ သတ်ဖြတ်တာတွေ၊ ဖျက်ဆီးတာတွေ ဦးဆောင်ပြု လုပ်တဲ့သူတွေကို တရားဥပဒေအရ အရေးယူသွားမယ်လို့ မတ်လ ၂၁ရက်မှာ တရားဝင်ကြေညာ ထားပါတယ်။
မီးရှို့မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက် မိတ္ထီလာမြို့ထဲမှာတော့ တိတ်ဆိတ် ခြောက်ကပ်နေပြီး ကြောက် ရွံ့နေကြတယ်လို့လည်း မိတ္ထီလာခရိုင် နည်းပညာ တက္ကသိုလ် ကျောင်းသား တဦးဖြစ်တဲ့ ကိုအောင်နေပိုင်က အခုလို ပြောပါတယ်။
အိမ်တွေမီးရှို့တာကတော့ အုတ်ကျင်းရပ်ကွက်တို့၊ ဒါးတန်းတို့ဘက်မှာတော့ မီးရှို့မှုတွေဖြစ်တယ်ဗျ၊ နေခင်းက ကျနော်ကျောင်းစာမေးပွဲဖြေပြီး ပြန်လာတဲ့အချိန်မှာ နာရီစင်ဘက်မှာလည်း တိုက်တွေ တော်တော်များများ မီးတွေ လောင်ကုန်တယ်လေ၊ အဲဒါတွေလည်းအခု မီးလုံးကြီးတွေ တက်နေပါတယ်ခင်ဗျ၊ မိတ္ထီလာမှာလည်း မြို့ထဲမှာ လူလုံးဝမရှိတော့ပဲ အားလုံးတိတ်ဆိတ်နေပြီးတော့ ကိုယ့်ကိုပဲအန္တရယ်ပြုမှာကို ကြောက်ရွံ့နေတဲ့ပုံစံပေါ့။
အခုလိုပဋိပက္ခဖြစ်ပွားမှုကြောင့် သံဃာတော်တပါးပျံလွန်တော်မူပြီး၊ အမျိုးသား၃ဦး၊ အမျိုးသမီး ၁ဦးနဲ့ အားလုံး ၅ဦး သေဆုံးခဲ့ပြီး ၃၉ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် တချို့သတင်းတွေမှာတော့ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီလို့ ဆိုပါတယ်။
ပဋိပက္ခတွေကြောင့် ပိတ်မိနေတဲ့ မူဆလင်လူမျိုးတွေကို မိတ္ထီလာရဲမှူးကြီးရဲ့ အစီအစဉ်နဲ့ လုံခြုံစိတ် ချရတဲ့ အားကစားဝင်း အတွင်းကို ရောက်အောင်လုပ်ဆောင်ရာမှာ ဒေသခံဗုဒ္စဘာသာဝင် လူငယ်တွေကလည်း ကူညီပေးခဲ့တယ်လို့ ကိုအောင်နေပိုင်က အခုလို ဆက်ပြောပါတယ်။
အခုညနေပိုင်းမှာ ဒါးတန်းရပ်ကွက်ဘက်က မူဆလင်ကုလား တထောင်ကျော်လို့ပြောတယ်၊ ကျနော်တို့ မျက်စိနဲ့ မြင်တာတော့ ၅ရာလောက်တော့ ရှိတယ်ဗျ၊ အဲဒီလူတွေက ရဲမှူးရဲ့စီမံချက်နဲ့ ခရိုင်ကွင်းမှာ သူတို့ကိုစီ စဉ် ပေးထားပါတယ်၊ မူဆလင်လူမျိုးတွေ လာတဲ့အချိန်မှာ ဒေသခံလူမျိုးတွေက ဘေးကနေ၀ိုင်းရံထားပြီးတော့ ကျနော်တို့က ရေသန့်တို့၊ မုန့်တို့ ၊ ကျွဲရိုင်းဗူးတွေ အဆာပြေစားနိုင်ဖို့ ပေးတယ်ခင်ဗျ။
မိတ္ထီလာမြို့မှာ ပဋိပက္ခဖြစ်ပွားနေချိန်ဟာ ကျောင်းသားတွေ စာမေးပွဲဖြေချိန် ဖြစ်နေတဲ့အတွက် စာမေးပွဲဖြေဖို့ အိမ်ကနေ စိုးရိမ်စိတ်တွေနဲ့ သွားရောက်ရတာဖြစ်ပြီး ကျောင်းရောက်မှသာ အသက်အန္တရယ် စိတ်ချရတာဖြစ်တဲ့ အတွက် နှစ်ဘက် ပဋိပက္ခကြားမှာ ကျောင်းသားတွေ အန္တရယ်ကင်းရှင်းရေးအတွက် လုံခြုံရေးတွေချထားပေးဖို့ ကျောင်းတာဝန်ရှိ သူတွေကို တောင်းဆိုထားတယ်လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ မိတ္ထီလာမြို့မှာ လုံခြုံရေးတွေတိုးမြင့်ချထားပြီး နေပြည်တော်က ရဲမှူးတွေကိုယ် တိုင် ရောက်ရှိနေတဲ့အတွက် အခြေအနေတော့ တဖြည်းဖြည်းငြိမ်သက်လာနေတဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment