မောင်ရမ္မာ
ယနေ့ စတင် ကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မွတ်ဆလင် ကျောင်းသားများအနေဖြင့် ရခိုင်ပြည်နယ် မြို့နယ် တချို့တွင် သီးသန့် အစီ အစဉ်ဖြင့် စာမေးပွဲကို စတင် ဖြေဆိုနေကြပြီ ဖြစ် ကြောင်း သတင်း ရရှိ သည်။
ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်တို့တွင် စာမေးပွဲ စစ်နေစဉ် အတွင်း မလိုလား အပ်သော ပြဿနာများ မပေါ်ပေါက်ရအောင် ပညာရေးဌာနမှ ထိုသို့ သီးသန့် စစ်ဆေးရန် စီစဉ်ပေးတားခြင်း ဖြစ်ကြောင်း သက် ဆိုင်ရာ ပညာရေးဌာန အ ရာရှိ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော် အထက်တန်းကျောင်းတွင် စာဖြေ မွတ်ဆလင် ကျောင်းသားများ၏ အခြေအနေကို အမည်မဖေါ်လိုသူ ဆရာမ တစ်ဦးက ယခု လို ပြောသည်။
“ ပထမ တော့ ဒီမွတ်ဆလင် ကျောင်းသားတွေကို ကျောက်နီမော် အထက အ နီးမှာရှိတဲ့ ဆေးရုံမှာ စစ်မယ်ဆိုပြီး နေရာ သတ်မှတ်ထား ပါတယ်။ သူတို့က ဆေးရုံမှာ မဖြေလို ဘဲ သူတို့ရွာက အမက မှာဖြေလိုတယ်လို့ တောင်းဆိုတဲ့အတွက် ပြည်နယ် ပညာရေးမှူးက ခွင့်ပြုလိုက်တာကြောင့် အခု မွတ်ဆလင် ရပ်ကွက်က အမက စာမေးပွဲ စစ်သွားမှာ ဖြစ်ပါ တယ်” ဟု ဆိုသည်။
ကျောက်နီမော်တွင် စာမေးပွဲ ဖြေဆိုမည့် မွတ်ဆလင် ကျောင်းသားများမှာ အတွင်းဖြေ ကျောင်းသား ၂၀ ဦး၊ ကျောင်းသူ ၁၀ ဦး၊ ပြင်ပဖြေ ကျောင်းသား ၁၇ ဦးနှင့် ကျောင်းသူ ၈ ဦးဖြစ်ကြသည်။
စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား ၃ ဦးရှိကြောင်း ဆရာမက ပြောသည်။
ကျောက်နီမော် မွတ်ဆလင် ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် သွားရောက်ပြီး စာမေးပွဲအား စောင့်ကြပ်ရမည် ဆို၍ လုံခြုံရေး စိုးရိမ်ကြောင်း ဆရာမက ဆက်ပြောသည်။
“ အခု သူတို့ရွာမှာ ကျောင်းသားတွေကို ဖြေဆိုခွင်ပေးလိုက်တော့ အဲဒီမှာ သွားရောက် စစ်ဆေးရမယ့် ဆရာမတွေ တယောက်မှမသွားချင် ကြဘူး။ လုံခြုံရေး အရလည်း ပါ တယ်။ နောက်တစ်ခုက သူတို့အထဲက တစ်ဦးဦးက ခိုးကူချတာကို တွေ့လို့ ဖမ်းရင်လည်း ပြဿနာဖြစ် ကောင်း ဖြစ်နိုင်တဲ့ အတွက် ဘယ်သူမှ မသွားချင်ကြဘူး။ ပြည်နယ် ပညာရေးမှူး အမိန့်နဲ့ဆိုတော့ မသွားချင်ပေမယ် သွားရမှာ ဖြစ်ပါ တယ်” ဟု ဆိုသည်။
ကျောက်နီမော် စာစစ်ဌာနတွင် ကြီးကြပ်ရေးမှူးအဖြစ် ကန်းထောင်းကြီး အထက်တန်းကျောင်းအုပ် ဦးအုံးရွှေက တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ် လက်ထောက်ပညာရေးမှူး ဦးတင်ကိုအား စာမေးပွဲ အခြေအနေနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်းရာတွင် စာစစ်ဌာန အ ကြောင်း ပြည်ပ သတင်းဌာနများသို့ ဖြေကြားရန် ခွင့်ပြုချက် မရှိဟု ဆိုကာ ငြင်းဆိုသွားသည်။
အလားတူ ကျောက်ဖြူတွင် မွတ်ဆလင် ကျောင်းသား ၁၀ ဦးရှိပြီး သူတို့အား အမှတ် ၅၄၂ တပ်ရင်း ထဲတွင် စာမေးပွဲ ဖြေဆိုရန် စီစဉ်ထား သည်ဟု ကျောက်ဖြူမှ ကျောင်းဆရာတစ်ဦးက နိရဉ္စရာသို့ ပြော သည်။
“ ကျောက်ဖြူ ဘင်္ဂလီကျောင်းသား ၁၀ ယောက်အတွက် စာစစ်ဋ္ဌာနကို ၅၄၂ စစ်တပ်မှာ စီစဉ်ထားပါ တယ်။ အဲဒီအတွက် ကြီးကြပ်ရေးမှူးက ဦးကျော်ဇံဝေ ဖြစ်ပြီး နောက်ထပ် ဆရာ ၆ ဦးသွားရမှာ ဖြစ်ပါတယ်။”
မြေပုံမြို့နယ်တွင် မွတ်ဆလင် ကျောင်းသား ၁၀ ဦးခန့်သာရှိပြီး ၎င်းကျောင်းသားများက စာမေးပွဲဖြေဆိုခွင့် တောင်း သဖြင့် သက်ဆိုင်ရာက စာမေးပွဲ ဖြေဆိုခွင့်ပေးထားကြောင်း သိရသည်။ သို့သော်လည်း သူတို့ လာရောက် ဖြေဆိုမူ ရှိ မရှိကို နိရဉ္စရာက သတင်း ရရှိခြင်း မရှိသေး ပါ။

No comments:
Post a Comment