Sunday, March 17, 2013

ကြံ့ခိုင်ရေးပါတီကို အန်အယ်လ်ဒီ ဘယ်လိုယှဉ်မှာလဲ

နေသွင်

၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုတွေကို ဖယ်ရှားလိုက်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ အနာဂတ်က အကောင်း ဘက်ကို ဦးတည်သွား သယောင် ရှိလာပါတယ်။

အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူကြိုက်များတာ ကြောင့် ၂၀၁၅ ရွေးကောက်ပွဲကျရင်လူမုန်းများတဲ့ဗိုလ်ချုပ်ဟောင်းတွေခေါင်း ဆောင်တဲ့ အာဏာရပါတီကို အလွယ်တကူပဲ အနိုင် ရ မယ်လို့ ထင်မှတ်စရာ ရှိ ပါတယ်။

ဒါပေမ့ယ် ဒီမိုကရေစီရဲ့ သဘာဝက အမှုပွေတတ်ပါတယ်။နိုင်ငံရေးမှာတကယ့် အရေးအကြောင်း ပေါ်လာရင် အန်အယ်လ်ဒီအနေနဲ့ အမာခံတွေကိုတောင် ဆုံးရှုံးနိုင်စရာ ရှိနေပါတယ်။

လွန်ခဲ့တဲ့လ အနည်းငယ်အတွင်းမှာ အန်အယ်လ်ဒီရဲ့ ခြေလှမ်းတွေဟာ ဒယိမ်းဒယိုင်နဲ့ မရေမရာ ဖြစ်လာခဲ့တယ်။ အန်အယ်လ်ဒီအပေါ် မဲဆန္ဒရှင်တွေက အားမလိုအားမရ ဖြစ်လာတဲ့ အချိန်မှာ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီအေ) ရဲ့ နိုင်ငံရေး ခြေလှမ်းတွေက တင့်တင့်တယ်တယ် ဖြစ်လာတယ်။

အန်အယ်လ်ဒီအနေနဲ့ လူမုန်းများတဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ နဂိုမူလ ရပ်တည်ချက်ကနေ လူမျိုးစုံ မှီတင်းနေထိုင်တဲ့ နိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရရေး ဆိုတဲ့ ရည်မှန်းချက်ကို ပြောင်းလဲလာတဲ့အချိန်မှာ ပါတီတွင်းမှာ အစီအစဉ် မကျမှုတွေ ပေါ်ပေါက်လာတတ်တာကလည်း သဘာဝကျတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာပြည်မှာ တရားဝင် စာရင်းအရ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး ရှိပြီး အရှေ့၊ အနောက်၊ မြောက်ပိုင်း နယ်စပ်ဒေသတွေမှာ နေထိုင်ကြပါ တယ်။ တိုင်းရင်းသားမျိုးနွယ် စုတွေထဲက တချို့ မျိုးနွယ်စုတွေဟာ အပြင်လူတွေရဲ့ အုပ်ချုပ်မှုကို ဘယ်တုန်းကမှ လက်မခံခဲ့တဲ့ အစဉ်အလာရှိပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီဟာ လူများစု ဗမာတွေရဲ့ ပါတီဖြစ်နေတာကြောင့် တပြည်လုံး အတိုင်းအတာနဲ့ အင်အားကြီးတဲ့ ပါတီအဖြစ်နဲ့ လက်တွေ့ တည်ဆောက်ရေးမှာ ပိုလို့တောင် အခက်တွေ့စေပါတယ်။

တဖက်မှာလည်း အန်အယ်လ်ဒီဟာ ပါတီတွင်း ရွေးကောက်ပွဲတွေမှာ စီမံခန့်ခွဲမှု မှားယွင်းတယ်လို့ ဆိုတဲ့ ဝေဖန်သံတွေ ပေါ်ထွက်နေပါတယ်။ ဒါကြောင့်ပဲ ပထမဆုံး ပါတီညီလာခံကို မတ်လ ဒုတိယအပတ်အထိ ရွှေ့ဆိုင်းထားရပါတယ်။ လွန်ခဲ့တဲ့ လအတန်ကြာကတည်းက ပုသိမ်က ပါ တီဝင်တချို့ ပါတီကို ကျောခိုင်းသွားတာ၊ မကြာခင်တုန်းကလည်း မန္တလေးက ပါတီဝင်တွေလည်း ပါတီတွင်း ရွေးကောက်ပွဲကို မကျေနပ် လို့ ဆန္ဒပြတာတွေ ပေါ်ပေါက်ခဲ့ပါတယ်။


ပါတီတွင်းက အသက်ကြီးပိုင်း ခေါင်းဆောင်တွေဟာ မူဝါဒချမှတ်တဲ့ လုပ်ငန်းစဉ်မှာ လူငယ်ပိုင်းကို ပါဝင်ခွင့်မပေးဘဲ ချောင်ထိုးတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

အကျိုးဆက်အဖြစ် ပါတီတွင်း မကျေနပ်လို့ ပါတီက ထွက်ကြမှာတွေ နောက်ထပ်ပေါ်ပေါက်လာခဲ့ရင် အန်အယ်လ်ဒီရဲ့ ပြိုင်ဘက် ပါတီတွေ အ တွက် အမြတ်ထွက်သွားနိုင်ပါတယ်။ ၂၀၁၅ မတိုင်ခင်မှာ ပါတီအ သစ်တွေ ပေါ်ပေါက်လာနိုင်ဖို့ လမ်းပွင့်သွားနိုင်ပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍသစ်ကလည်း အပေးအယူအလျှော့အတင်းတွေ လုပ်နေရတာကြောင့် ထောက်ခံသူ အသစ် တွေ တိုးလာအောင် စည်းရုံးဖို့ အခြေအနေ မပေးသလို ဖြစ်ပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်ချက်ကို ကြည့်ရင် လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တယောက်ရဲ့ ရပ်တည်ချက်နဲ့အရင်ကအတိုက် အခံခေါင်းဆောင်ရဲ့ ရပ် တည်ချက်က ခြားနားသွားပါပြီ။ လက်ရှိ အနေအထားမှာ နိုင်ငံရေး အယူအဆထက် လက်တွေ့အကျိုးမျှော်ဝါဒဘက်ကို ပိုပြီး ဇောင်းပေးနေတာ တွေ့ရပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ရေငုံနုတ်ပိတ်လို့ နိုင်ငံတကာ အလှူရှင်တွေကြားမှာ ပြဿနာ ရှိတယ် ဆိုရင်တောင် ပြည်တွင်းမှာတော့ ပြဿနာ သိပ်မရှိပါဘူး။ ဒါပေမယ့် ကချင်ပြည်နယ် အရေးမှာ တုံဏှိဘာဝေ လုပ်နေတဲ့အတွက်မိတ်ဆွေတွေ ကို ဆုံးရှူံးသွား ရပါတယ်။

ဒီအတွက် အန်အယ်ဒီက ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ရစရာ ရှိလာနိုင်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အခြေအနေကို ပြန်ကြည့် ရင် အန်အယ်ဒီဟာ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေ စီအဖွဲ့ချုပ် (UNLA) နဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ အကယ်၍ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်က တိုင်းရင်းသားပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ မဖြစ်မနေ လိုအပ်လာရင် အန်အယ်ဒီက ၁၉၉၀ တုန်းက အခြေအ နေ မျိုးကို ပြန်ရဖို့ အခက်တွေ့နိုင်ပါတယ်။ ဒီအချိန်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ အုပ်ချုပ်ရေးပိုင်းမှာ တိုးတက် လာတာတွေ့ရပါတယ်။ ရာထူးအပြောင်းအလဲထဲမှာ လုပ်ရည်ကိုင် ရည်ရှိတဲ့ တက်ခနိုခရက်တွေကို နေရာပေးလာတာနဲ့ နိုင်ငံရေးအာ ဏာနဲ့ ပတ်သက်လို့ အတွေ့အကြုံ ရှိဖူးတာတွေက ကျေးဇူးပြုတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ဖြေလျှော့မှုတွေကြောင့် လူနေမှုအ ဆင့် အတန်းတွေ တက်လမ်းပွင့်တော့မယ် ဆိုပြီး အာဘောင်အာရင်းသန်သန်နဲ့ အမှတ်ယူလာတာ တွေ့ပါတယ်။ ကြံ့ခိုင်ရေးပါတီကို အရောင် တင်ဖို့ ပါတီခေါင်းဆောင်တွေက ကြိုးစားနေတယ်ဆိုတာ ရှင်းပါ တယ်။


ပေါ်လစီပိုင်းမှာလည်း ပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်လာစေဖို့ ရည်ရွယ်တဲ့ လူကြိုက်များပြီး၊ မြန်မြန်ထက်ထက်အကျိုးရလဒ်တွေပေါ်လာ နိုင်ခြေရှိတဲ့ လျှပ်စစ်မီး၊ တယ်လီဖုန်းနဲ့ စိုက်ပျိုးရေးကဏ္ဍဘက်ကို ကြံ့ခိုင်ရေးပါတီက အာရုံစိုက် လုပ်ဆောင်နေတဲ့ သဘောရှိပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ နောက်ဆုံး သုံးနေကျနည်းလမ်းကတော့ သွေးခွဲတဲ့ နည်းပါပဲ။ အတိုက်အခံတွေထဲမှာ လူပုဂ္ဂိုလ်ကို ဗဟိုပြုတဲ့ အစုအဖွဲ့တွေ ကွဲပြားသွားအောင်၊ တိုင်းရင်းသားအုပ်စုတွေ အချင်းချင်း အကြားမှာ ယုံကြည်မှုပျက်ပြားအောင် သပ်လျှိုသွေးခွဲတဲ့ နည်းလမ်းပါပဲ။

ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ဟာ ၂၀၁၁ နိုဝင်ဘာလက စလို့ တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတာလည်း ရှိပါတယ်။ အပစ်အခတ် ရပ်ပြီးရင် နိုင်ငံရေးပါတီတွေ အဖြစ်နဲ့ မှတ်ပုံတင်ဖို့ တွန်းအားပေးသွားဖို့ ရှိပါတယ်။ အကယ်၍ ဒီ လမ်းကြောင်းသာ အောင်မြင်သွားရင် တိုင်းရင်းသားအုပ်စုတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အကြွင်းမဲ့ လက်ခံရာရောက်မှာဖြစ်ပြီး တိုင်းရင်း သားဒေသက မဲဆန္ဒနယ်တွေမှာ အန်အယ်လ်ဒီအတွက် စိန်ခေါ်မှုအသစ်တွေ တိုးလာနိုင်ပါတယ်။

ဒီအခြေအနေတွေ နောက်ခံမှာ အန်အယ်လ်ဒီက တိုင်းရင်းသားဒေသအခြေပြု ပါတီတွေနဲ့ ဆက်ဆံရေး တိုးတက်လာအောင် မတည် ဆောက် နိုင်ခဲ့ရင်၊ အောက်ခြေအဆင့် ပါတီခေါင်းဆောင်တွေ ရွေးချယ်တဲ့နေရာမှာ လူမှန်နေရာမှာ ဖြစ်မလာခဲ့ရင်၊ ကချင်ပြည်နယ် အရေးမှာ ရေငုံ နှုတ်ပိတ်နေမယ် ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်လုပ်နိုင်ဖို့ နေနေသာသာ၊ ပြိုင်ဖက်တွေ တောင် ဖြစ်လာနိုင်ပါတယ်။ ဒီလို ဖြစ်လာ ခဲ့ရင်တော့ ကြံ့ခိုင်ရေးပါတီအတွက် အမြတ်ထွက်သွားနိုင်ပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ နောက်ထပ် ခြေလှမ်းတွေကို ကြည့်လိုက်ရင် ဖေဖော် ၀ါရီလ ၆ ရက်နေ့မှာ အန် အယ် လ်ဒီရဲ့ ပြိုင်ဖက်ပါတီက အမတ်တယောက်ကို အစိုးရအဖွဲ့ထဲမှာ ရာထူးပေးလိုက်ပါတယ်။အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (အန်ဒီအက်ဖ်) ပါတီဝင် ဒေါက်တာတင်ရွှေဟာ အစိုးရအဖွဲ့ထဲမှာ ကြံ့ခိုင်ရေး ပါတီဝင်မဟုတ်တဲ့ ပထမဆုံး ဒုဝန်ကြီးဖြစ်လာ ပါတယ်။

(ဖြည့်စွက်ချက်။ ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အမတ် (ဦးမောင်မောင်ဥာဏ်)နဲ့ ချင်းအမျိုးသားပါတီက အမတ် (ဦးငွန်မောင်း) တို့ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် အဖြစ် ဦးသိန်းစိန်က ခန့်အပ်လိုက်ပြန်ပါတယ်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ရာထူးဆိုတာလည်း ဒုတိယ၀န်ကြီး အဆင့်ပါပဲ။)

သမ္မတ ဦးသိန်းစိန်အနေနဲ့ အောင်မြင်နိုင်ချေရှိတယ်လို့ တွက်ရင် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကိုလည်း ပါတီဖွဲ့ဖို့ တိုက်တွန်းနိုင်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့ဟာ ကျင့်ဝတ်သိက္ခာပိုင်းအရ လူထုလေးစားခံရတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတိမ်းမယိမ်းရှိပါ တယ်။ ဒါကြောင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပါတီထောင်လာရင် အန်အယ်လ်ဒီ အတွက် စိန်ခေါ်မှုအသစ် ဖြစ်လာနိုင်ပါတယ်။

အန်အယ်လ်ဒီပါတီကို နောက်ထပ် ၃ နှစ်အတွင်းမှာ ပြုပြင်ပြောင်းလဲနိုင်ဖို့ အခြေအနေ မပေးသလောက် ဖြစ်နေပါတယ်။ ဒါကိုသဘောပေါက် ပုံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အလှမ်းကျယ် အလယ် လပ်သွားတာမျိုး မဖြစ်ဖို့နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ မကင်းကွာ အောင် သတိထားနေပုံ ရပါတယ်။


ကြံ့ခိုင်ရေးပါတီဘက်ကတော့ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဟာ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီကို တဖြည်းဖြည်းနဲ့ တရားဝင်မှုရအောင် ကြိုးပမ်းမှု တ စိတ်တပိုင်းအဖြစ် ပြုပြင်ပြောင်လဲရေးလုပ်ငန်းစဉ်ကို ဆက်လက် ဖော်ဆောင်ပြီး၊ တဖက်မှာ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ကြံ့ခိုင်ရေးက အခွင့် ထူးခံထားတဲ့ အနေအထားကို ခိုင်မြဲအောင် ကြိုးပမ်းသွားဖို့ ရှိပါတယ်။

No comments: