Tuesday, March 5, 2013

လူနည်းစုများကို ကာကွယ်ပေးရန် ဘင်္ဂလာဒေခ်ျ့ အဆင့်မြင့်ဆုံး တရားရုံးက အမိန့်ထုတ်


ဘင်္ဂလာဒေခ်ျ့ရှိ လူနည်းစု လူမျိုးများကို အကာအကွယ် ပေးရန် ဘင်္ဂလာဒေခ်ျ့ အဆင့်မြင့်ဆုံး တရားရုံးက ယမန်နေ့က အမိန့်ထုတ်ပြန်လိုက်သည်။

တရားရုံး၏ အမိန့်တွင် အစိုးရ အနေဖြင့် လူနည်းစုများ၏ လုံခြုံရေး အပါအ၀င် သူတို့ နေအိမ်များနှင့် ဘုရားရှိခိုးကျောင်းများကို ချက်ချင်း ကာကွယ်ပေးရ မည် ဟု တောင်း ဆိုထားသည်ဟု ဆိုသည်။

စစ်တကောင်း ခရိုင် အတွင်းရှိ နာဝါခါလီ မြို့နယ်တွင်ဟိန္ဒူဘာသာရေးကျောင်း များနှင့် လူနေအိမ်များကို ဂျာမတ် အစ္စလာမ်မီယာ၊ ချိဘီယာ ကျောင်းသားအဖွဲ့နှင့် ဘီအန် ပီ ပါတီဝင်များ ကြာသပတေးနေ့က မီးရှို့ တိုက်ခိုက်ခံခဲ့သည်ဟု ဒေသထုတ် သတင်းစာများက ပြောသည်။

၎င်းပြင် ယမန်နေ့(တနင်္ဂနွေ) ကလည်း မင်ချီဂန်ဂျီ၊ ဒိုင်နာချပူရ်၊ ဘာရီဆဲလ် စသည့် ခရိုင်များတွင် လူနည်းစုများကို တိုက်ခိုက်မူများ ဆက် လက် ဖြစ်ပွားခဲ့သည်။


Ranjganj မြို့နယ်မှ အလာမ်ပူရ် ကျေးရွာနှင့်အလမ်ဒီ နာဂါ ကျေးရွာများတွင် လူနည်းစု လူမျိုးများ၏ ဘာသာရေးဘုရားကျောင်း ၆ ကျောင်း နှင့် အိမ် ၃၆ လုံး မီးရှို့ ခံခဲ့ရကာ အိမ်ပေါင်း ၄၀ ဖျက်ဆီးခံခဲ့ရသည်။ တိုက်ခိုက်သူများ ဘုရားကျောင်းများနှင့် လူနေအိမ်များကို လုယက်ပြီး နောက် မီးတင်ရှို့ခဲ့ကြခြင်း ဖြစ်သည်ဟု ပြောသည်။

Bogumganj မြို့တွင်လည်း ယမန်နေ့က ဟိန္ဒူ ဘုရားကျောင်း တစ်ကျောင်းနှင့် လူနေအိမ် အမြောက်အမြားကို လုယက်ကာ မီးရှို့ ဖျက်ဆီး ခံခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ လုယက် တိုက်ခိုက်ရာတွင် ပါဝင်သူ ခေါင်းဆောင်များကို ဖမ်းဆီးရန် တရားရုံးက ညွှန်ကြားလိုက်ပြီး ယခုအချိန်ထိ မဖမ်းဆီးနိုင်ဘဲ ဖြစ်နေသည့် အကြောင်းအရင်းကို အစိုးရ အနေဖြင့် ၁၀ ရက်အတွင်း ထုချေလွှာပေးရန် တရားရုံးက တောင်းဆိုထားသည်။

ယမန်နေ့ တစ်နေ့တည်းတွင် ဖြစ်ပွားခဲ့သော နိုင်ငံ အနှံ့ ဆူပူ အကြမ်းဖက်မူ အတွင်း လူပေါင်း ၂၃ ဦး သေဆုံးခဲ့ပြီး ရာဂဏန်းနှင့်ချီပြီးဒဏ် ရာ ရရှိခဲ့သည်။

လွန်ခဲ့သော ကြာသပတေးနေ့က စပြီး ဂျာမတ် အစ္စလာမ်မီယာ ပါတီ ဒုဥက္ကဌ ဒေလ၀ါ ဟူစိန် ဆာယီဒီကို ၁၉၇၁ ခုနှစ်ဘင်္ဂလာဒေခ်ျ့လွှတ် လပ်ရေး စစ်ပွဲ အတွင်း ပါကိစ္စတန် စစ်တပ်နှင့် ပူးပေါင်းပြီး စစ်ရာဇ၀တ်မူများ ကျူးလွန်သည်ဟု ဆိုကာ သေဒဏ် ချမှတ်ပြီးနောက် ယခုကဲ့သို့ ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်လာခဲ့သည်။

ကြာသပတေးနေ့မှ ယနေ့ အချိန်ထိ ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ အတွင်း သေဆုံးသူ အရေအတွက်မှာ ၆၀ ကျော်သွားပြီ ဖြစ်သည်။

လက်ရှိ အချိန်တွင် ခရိုင် ၁၂ ခုတွင် ပုဒ်မ ၁၄၄ ထုတ်ထားပြီး လုံခြုံရေးကို တိုးမြှင့်ထားသော်လည်း ဆက်လက် ဆူပူ အကြမ်းဖက်မူများ ဖြစ် ပေါ်နေသည်။

ဂျာမတ် အီး အစ္စလာမ်မီယ်ပါတီ၏ ၂ ရက်တာ အထွေထွေ သပိတ်နှင့် ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ ( BNP) တို့ တစ်ရက်ကြာ သပိတ် ကြောင့် တနိုင်ငံလုံးတွင် ကား၊ ရထား၊ သင်္ဘော အသွားအလာများ ရပ်ဆိုင်းနေပြီး ဈေးဆိုင်များ၊ စာသင်ကျောင်းများနှင့် စီးပွားရေးလုပ် ငန်းများ အားလုံး ပိတ်ထားရသည်။

မြန်မာ နယ်စပ် အနီးရှိ ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ဗုဒ္ဓဘာသာ ရခိုင်၊ သက်၊ မာရမာကြီး၊ မာရမာ၊ ဒိုင်းနက် စသည့် ကျေးရွာများကို တိုက်ခိုက်မူများ မရှိသော်လည်း လုံခြုံရေးကို စိုးရိမ်ကြသဖြင့် ကင်းများချကာ ကျေး ရွာ များကို စောင့်ကြပ်နေကြရသည်ဟု သိရသည်။

No comments: