Monday, March 18, 2013

ဖမ်းဆီးခံ ဘင်္ဂလာဒေခ်ျ့ ရဲသား (၃) ဦး ကိစ္စ ဖြေရှင်းရန် နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် အစည်းအဝေး ပြုလုပ်မည်


မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို ယနေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေခ်ျ့ ရဲတပ်သား (၃) ဦးနှင့် အရပ်သား တစ်ဦးတို့ ဗုဒ္ဓဟူး နေ့ က မြန်မာ နစက တပ်ဖွဲ့၏ ဖမ်းဆီးမူကို ခံရပြီးနောက် နယ်စပ် အခြေအနေ တင်းမာလာရာမှ နှစ်နိုင်ငံ အနေဖြင့် တပ်မှူး အဆင့် အစည်းအဝေး ပြုလုပ်ရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

နှစ်နိုင်ငံ အလံတင် အစည်းအဝေးတွင် မြန်မာဘက်က ဖမ်းဆီးထားသော ဘင်္ဂလာဒေခ်ျ့ ရဲသား (၃) ဦးနှင့် အရပ်သား တစ်ဦးကို ပြန်လည် လွှတ်ပေးလိမ့်မည်ဟု ဘင်္ဂလာတာဝန်ရှိသူများက မျှော်လင့်နေကြောင်း သိရသည်။

ဘင်္ဂလာ ရုပ်သံဌာနများမှ အဆိုပါ သတင်းကို ထုတ်လွှင့်ဖေါ်ပြနေရာ ဖမ်းဆီးခံရသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို ယနေ့ မြန်မာဘက်က လွှဲပြောင်းပေးမည်ဟု ဖေါ်ပြသည်။

အစောပိုင်းတွင် မြန်မာဘက်မှ အဆိုပါ အဖမ်းအဆီး ကိစ္စနှင့် တစ်စုံတစ်ရာ တုန့်ပြန် ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ယနေ့ ပြုလုပ်မည့် တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း ခေါင်းတုံးတွင် ပြုလုပ်မည်ဟု သိရသည်။

ဖမ်းဆီးခံ ဘင်္ဂလာဒေခ်ျ့ (၄) ဦးကို မြန်မာနိုင်ငံထဲ ၀င်ရောက် ဓါတ်ပုံ ရိုက်ရာမှ ဖမ်းဆီးခြင်း ဖြစ်ကြောင်း မြန်မာဘက်က ပြောသော်လည်း ဘင်္ဂလာဒေခ်ျ့ဘက်ကမူ သူ့နိုင်ငံထဲထိ နစကတပ်ဖွဲ့မှ ၀င်ရောက်ပြီး သေနတ်ဖြင့် တည့်ကာ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နယ်စပ် လက်ကိုင်တပ်ဖွဲ့မှ တပ်သားများ မြန်မာနိုင်ငံထဲ ဖမ်းဆီး ခေါ်ဆောင်ခံရသည်မှာ ဆယ်စုနှစ် တစ်ခု အတွင်း ယခု အကြိမ်သည် ပထမဆုံး ဖြစ်သည်။

No comments: