ABC
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင်တွေနဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီအဖွဲ့ဝင်တွေဟာ တရုတ် နိုင်ငံ ရွှေလီမြို့က ကျင်းချိန့် ဟိုတယ်မှာ မနေ့ ကစပြီး နှစ်ဖက်ဆွေးနွေးမှုတွေ စတင်ခဲ့ကြပြီး သဘောတူညီမှုတွေ မရခဲ့ဘူးလို့ သိရပါ တယ်။
နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရတပ်ကနေ KIO အနေနဲ့ အပစ်အခတ်ရပ်စဲပေးဖို့နဲ့ လိုင်ဇာ- ဗန်းမော် လမ်းကြောင်းကို ဖွင့်ပေးဖို့ ဆွေး နွေးခဲ့ပေမယ့် နှစ်ဖက် သဘောတူညီချက် မရခဲ့ ဘူးလို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဂွမ်ဂျာ က သတင်းထောက်တွေကို အခုလို ပြောဆို ပါတယ်။
ငြိမ်းချမ်းရေးပစ်ဖို့အတွက် ဘာပဲဖြစ်ဖြစ် အပစ်အခတ်ကို ရပ်ပေးရမယ်ဆိုတဲ့ နိုင်ငံတော် အစိုးရကနေပြီးတော့ တင်ပြတာရှိတယ် ဒါကိုလဲပဲ ကေ အိုင်အို ပိုင်းအနေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ အ ပစ်အခတ်ရပ်စဲရမှာဖြစ်တယ် ။ သို့သော် ငြိမ်းချမ်းရေးရဖို့ ဆိုတာ အပစ်အခတ်ရပ်စဲရေး အ တွက် မူအားဖြင့် လက်ခံတယ်ပေါ့ ပထမပိုင်းအနေနဲ့ဆွေးနွေးတယ် အစိုးရကနေ တင်သွင်းတယ် ကေအိုင်အို ပိုင်းကနေပြီးမှ ငြိမ်းချမ်းရေးဖေါ် ဆောင်ရေး အဖွဲ့နဲ့ပြန်ဆွေးနွေးမယ် ဆွေးနွေးပြီး သူတို့ကေအိုင်အို ဗဟိုကိုလဲ ပြန်တင်ပြမယ် ပြီးရင် UNFC ကိုလဲ ပြန်တင်ပြပြီးမှပဲ အဖြေပေါ့ လေ။
အစိုးရဖက်က တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကလည်း ဆက်ဆံရေးရုံးတွေ ပြန်လည်ဖွင့်လှစ်ဖို့အပါအ၀င် လိုင်ဇာ - ဗန်းမော်လမ်း တွေ ဖွင့်ပေးဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ KIO ကိုယ်စားလှယ်တွေဖက်က ဗဟိုကိုတင်ပြထားပြီး တစ်စုံတစ်ရာ အဖြေမရရှိသေးပဲ စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ ကေအိုင်အို အရာရှိတစ်ဦးထံက သိရပါတယ်။
KIO အဖွဲ့နဲ့ အခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲကို UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ က အဖွဲ့ဝင်တွေအပါအ၀င်၊ RCSS/SSA ရှမ်းပြည်ပြန်လည်ထူ ထောင် ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့၊ အထူးဒေသ ၄ မိုင်းလားအဖွဲ့ဝင်တွေ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကို အစိုးရဖက်က ပြည်တောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥကဌ ၀န်ကြီး ဦးအောင်မင်းအပါအ၀င် ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချူပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်းကတာဝန်ရှိသူတွေနဲ့ ကချင်ပြည်နယ် ရှမ်းပြည်နယ်က ၀န်ကြီးချူပ်တွေအပြင် နယ်စပ်ရေးရာ အရာရှိတွေလည်း ပါဝင်တက်ရောက်ခဲ့ကြပြီး KIO ကိုယ်စားလှယ် တွေကတော့ ဦးဆွမ်လွတ်ဂမ် နဲ့အတူ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချူပ် ဂွမ်မော် တို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အစိုးရဖက်က ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ KIO ဖက်က ကိုယ်စားလှယ်တွေ အခုလို တွေ့ဆုံဆွေးနွေးတာဟာ ဒီတစ်ကြိမ်နဲ့ဆိုရင် ၁၀ ကြိမ်ကျော်သွားပြီဖြစ်ပေမယ့် ကချင်ပြည်နယ် အတွင်းမှာတော့ နှစ်ဖက်စစ်တပ်က တပ်ဆုတ်တာတွေမရှိပဲ တပ်ဖွဲ့ဝင်တွေ နီးနီးကပ်ကပ် ရှိနေ ကြတယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထား ပါတယ်။
No comments:
Post a Comment