ကော့လီ
မြန်မာနိုင်ငံ အတွင်း ခေတ္တ ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) NLD (LA) ခေါင်းဆောင်များနဲ့ ပြည်တွင်းရှိ တိုင်းရင်းသား နိုင်ငံရေး ပါတီများ စုစည်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင်များဟာ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံကာ နိုင်ငံရေး ဆိုင်ရာများနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
NLD (LA) နဲ့ UNA ခေါင်းဆောင်များဟာ ရန်ကုန်မြို့ ကိုးမိုင် ပြည်လမ်းရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုဌာနချုပ်ရုံးမှာ ဒီကနေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီးတော့ NLD (LA) ဘက်က ဥက္ကဋ္ဌ ဦးဗိုလ်သောင်း အပါအဝင် အဖွဲ့ဝင် ခုနစ်ဦး ခေါင်းဆောင် တက်ရောက်ပြီး UNA ဘက်က ခွန်ထွန်းဦး၊ ဦးသာဘန်း၊ ဦးအန်ထော်နီဆူး၊ စိုင်းညွန့်လွင်၊ ဦးဂင်ကမ်းလျှန် အစရှိတဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဦးဂင်ကမ်းလျှန် က ကော့လီ မီဒီယာကို အခုလို ပြောပါတယ်- လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျနော်တို့ နှစ်ဘက်စလုံး အမြင်သဘော ထားခြင်း တူတာကတော့ လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ထက် အစအဆုံး အသစ်ပြန်ရေးပစ်ဖို့ပါပဲ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဟာ အခြားသော ပြည်ပ အခြေစိုက် အတိုက်အခံ အဖွဲ့အစည်းများ နည်းတူ မတ်လ အတွင်းမှာ မြန်မာနိုင်ငံအတွင်းကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်း စုကြည့် အပါအဝင် ပြည်တွင်းရှိ နိုင်ငံရေး အင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment