Monday, May 27, 2013

ဂျပန်က မြန်မာကို အကူအညီထပ်တိုးပေး

ABC

မြန်မာနိုင်ငံကို ​တတ်နိုင်သလောက် ​ထောက်ပံ့ကူညီမှုတွေ ​လုပ်မယ်လို့ ​ဂျပန်အစိုးရကပြောခဲ့ပြီးနောက် ​မနေ့တုန်းကပဲ ​ဂျပန်နိုင်ငံဝန်ကြီးချုပ် ​ရှင်ဇိုအာဘေက ​မြန်မာနိုင်ငံကနေ ​ဂျပန်နိုင်ငံအပေါ် ​တင်ရှိနေတဲ့ ​ကြွေးမြီတွေကို ​လျော်ပေးလိုက်သလို ​နောက်ထပ်ချေးငွေတွေ ​ပေးဖို့အပြင် ​မြန်မာနိုင်ငံ ​ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ​ထပ်မံကူညီမယ်လို့ ​ပြောလိုက်ပါတယ်။

သုံးရက်ကြာ ​မြန်မာနိုင်ငံ ​ခရီးစဉ်ရဲ့ ​နောက်ဆုံးရက်ဖြစ်တဲ့ ​တနင်္ဂနွေနေ့မှာ ​ဂျပန်နိုင်ငံ ​ဝန်ကြီးချုပ်က ​သမ္မတဦးသိန်းစိန်နဲ့ ​တွေ့ဆုံမှုအပြီး ​ပြောလိုက်တာ ​ဖြစ်ပါတယ်။

သဘောတူညီမှုအရ ​ဂျပန်နိုင်ငံက ​မြန်မာနိုင်ငံအပေါ် ​ဒေါ်လာ ​သန်း ​၅၀၀ ​နီးပါးနဲ့ ​ညီမျှတဲ့ ​ချေးငွေတွေကို ​ထပ်မံ ​ချေးဌားမှာ ​ဖြစ်ပါတယ်။

ဒီငွေကြေးတွေကို ​မြန်မာနိုင်ငံတဝှမ်းက ​အခြေခံအဆောက်အဦး ​ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ​အသုံးပြုမှာဖြစ်ပြီး ​အဲဒီထဲမှာ ​လမ်းတွေဆောက်လုပ်ရေး၊ ​လျှပ်စစ်နဲ့ ​ရေဖြန့်ဝေမှု ​ရရှိရေးတွေပါဝင်ပြီး ​သီလဝါအထူးစီးပွားရေးဇုံ ​ဖွံ့ဖြိုးတိုးတက်အောင် ​ဆောင်ရွက်ရေးတွေ ​ပါဝင်ပါတယ်။

အဲ့ဒါအပြင် ​ရန်ကုန်မြို့ ​ရေဖြန့်ဝေရေးစနစ်တိုးတက်ဖို့အတွက် ​ဒေါ်လာ ​၂၃ ​သန်း ​ကူညီမှာဖြစ်ပြီး ​လူမှုရေးနဲ့ ​စီးပွားရေးဖွံ့ဖြိုးရေးအတွက် ​ပညာသင်ဆုအစီအစဉ်တွေလည်း ​လုပ်ဆောင်ပေးမှာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​ခရီးစဉ်အတွင်း ​ဂျပန်နိုင်ငံ ​ဝန်ကြီးချုပ်က ​ဧက ​၆၀၀၀ ​လောက်ကျယ်ဝန်းတဲ့ ​သီလဝါ ​အထူးစီးပွားရေးဇုံကို ​သွားရောက်လည်ပတ်ခဲ့ပြီး ​အဲဒီဇုံထဲမှာ ​စီးပွားရေးဇုံနဲ့ ​ဆိပ်ကမ်းတစ်ခု ​ပါဝင်ပါတယ်။

အဲ့ဒါအပြင် ​အရင်က ​မြန်မာနိုင်ငံကနေ ​ဂျပန်နိုင်ငံအပေါ် ​တင်ရှိနေတဲ့ ​ကြွေးမြီဒေါ်လာ ​သန်းပေါင်း ​၁၇၆၀ ​ကျော်ကိုလည်း ​ဂျပန်က ​ထပ်မံ ​လျော်ပေးလိုက်ပါတယ်။

ရှင်ဇိုအာဘေရဲ့ ​လည်ပတ်မှုဟာ ​၁၉၇၇ ​ခုနှစ်နောက်ပိုင်း ​ဂျပန်နိုင်ငံ ​ဝန်ကြီးချုပ် ​တစ်ဦးအနေနဲ့ ​မြန်မာနိုင်ငံကို ​ပထမဆုံးအကြိမ် ​လာရောက်လည်ပတ်တဲ့ ​ခရီးစဉ် ​ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ​မြန်မာအစိုးရ ​အရာရှိတွေအပြင် ​ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ​တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ​ယခင် ​စစ်အစိုးရ ​လက်ထက်အတွင်း ​အနောက်တိုင်း ​နိုင်ငံတွေက ​မြန်မာနိုင်ငံနဲ့ ​အဆက်အသွယ် ​ဖြတ်တောက်ခဲ့ပေမယ့် ​ဂျပန်နိုင်ငံကတော့ ​မြန်မာနိုင်ငံနဲ့ ​အဆက်အသွယ် ​ဖြတ်တောက်ရင် ​တရုတ်နိုင်ငံလက်ထဲ ​တွန်းပို့သလို ​ဖြစ်မယ်လို့ ​ယူဆပြီး ​မြန်မာအစိုးရနဲ့ ​အဆက်အသွယ်မဖြတ်ပဲ ​ကုန်သွယ်မှု ​အနည်းငယ်လျော့ချလိုက်ရုံကလွဲပြီး ​တောက်လျောက် ​ကူညီထောက်ပံ့မှုတွေ၊ ​ကုန်သွယ်ဆွေးနွေးမှုတွေ ​လုပ်ခဲ့ပါတယ်။

No comments: