Friday, May 3, 2013

ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ အပေါ် သုံးသပ်ချက်


အများပြည်သူ ရက်ရှည်လများ စောင့်မျှော်နေခဲ့ကြသော ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်လာခဲ့ပေပြီ။ လက်ခုပ်ဆိုသည်မှာ နှစ်ဖက်တီးမှ မြည်သကဲ့သို့ ပဋိပက္ခဆိုသည်မှာ အနည်းဆုံး ပါဝင်ပတ်သက်သူ နှစ်ဖက်ရှိစမြဲ။ ဤအစီရင်ခံစာကား အဆိုပါနှစ်ဖက်စလုံးအား ကျေနပ်အောင် လုပ်ပေးနိုင်မည် မဟုတ်သည်မှာ အသေအချာပင်။ ဤသည်ကား စိန်ခေါ်မှုကြီး တစ်ရပ်ပင်။

ဘင်္ဂါလီ ကိစ္စသည် အင်မတန်မှ သိမ်မွေ့ရှုပ်ထွေးသလို အကဲဆတ်သော အကြောင်းကိစ္စတစ်ရပ် ဖြစ်သည်။လူ့အခွင့်အရေးနှင့်လည်း ပတ်သက်သည်။ ဘာသာရေးဘက်သို့လည်း ယိမ်းလွယ် ပြောင်းလွယ်သည်။ အမျိုးသားလုံခြုံရေးနှင့်လည်း ဆိုင်သည်။ နိုင်ငံတကာ သို့လည်း လျှံပယ် ထွက်နေသော ကိစ္စဖြစ်သည်။ သန်းပေါင်းများစွာသောပြည်သူတို့၏ ဘ၀အရည်အသွေးနှင့်လည်း (quality of life) ပတ်သက်သည်။ နေ့တဓူဝ ဘ၀ရှင်သန်ရေးကိုလည်းခြိမ်းခြောက်ခံနေရသည်။

စာမျက်နှာရာကျော်ရှည်သော အစီရင်ခံစာကို အသေအချာ ဖတ်ကြည့်မိအပြီးတွင် အဆိုပါ ကော်မရှင်၏ လုပ်ဆောင်ချက်ကိုမချီးကျူးပဲ မနေနိုင်ဖြစ်ရသည်။ အစီရင်ခံစာပါ အားလုံးကို သဘော မတူနိုင်သည့်တိုင် ကော်မရှင်ဝင်များလုပ်ကိုင်ကြရသည့် အခင်းအကျင်းကို သုံးသပ်ကာ အောင်မြင်သည် ဟုတော့ ဆိုရမည်ပင်။ (သဘောမတူသူများ ဆဲလည်း ခံရပါမည်။)

၁။ အစီရင်ခံစာသည်အစိုးရမဟုတ်သော အသင်းအစုများမှ ထွက်ရှိလာသမျှ အစီရင်ခံစာများတွင် အလွန်တရာမှ ပြည့်စုံသော အစီရင်ခံစာဟု ဆိုနိုင်သည်။ နိုင်ငံရေး၊စီးပွားရေး၊ သမိုင်းရေး၊ စိတ်ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ လူသားချင်းစာနာထောက်ပံရေး၊လမ်းပန်းဆက်သွယ်ရေး စသည့် ကဏ္ဍအသီးသီးကို သုံးသပ်ထားသည်။


၂။ အစီရင်ခံစာသည် လက်ရှိအကူးအပြောင်းကာလနေ ရခိုင်ပြည်သူများဘ၀ကို မီးမောင်း ထိုးပြထားပြီး နောင်လုပ်ဆောင်သင့်သည်များကို ချပြထားသည်။

၃။ အစီရင်ခံစာသည် ခေတ်အဆက်ဆက်အစိုးရများ၏ ရခိုင်တိုင်းရင်းသားများအပေါ် မျက်ကွယ်ပြု ထားသည်များကို ပေါ်လွင်စေသည်။ ချိန်ကိုက်ဗုံးကြီး ပေါက်တော့မည်ဟု ရခိုင်တိုင်းရင်းသားများမှ အင်္ဂလိပ်ကိုလိုနီအစိုးရ အပါအ၀င် ယခင်အစိုးရအဆက်ဆက်အား အစဉ်တစိုက် သတိပေးခဲ့ သော်လည်း မကိုင်တွယ်ခဲ့သဖြင့် ယခုကဲ့သို့ပြဿနာကြီးထွားလာခြင်းကိုလည်း ပေါ်လွင်စေသည်။

၎။ အစီရင်ခံစာသည်အသေးစိတ် အချက်အလက် (data) များ ရရှိရန် အတော်ကြိုးစားထားပုံရပြီး တချို့အကြောင်းခြင်းရာများကိုသေချာရှင်းပြရန် ကြိုးစားထားသည်။

၅။ အစီရင်ခံစာတွင် ရခိုင်ပြည်မြောက်ပိုင်းနေ ဘင်္ဂါလီခေါင်းဆောင်များ၏ စိတ်နေစိတ်ထားများကို တင်ပြထားပြီးမော်လ၀ီခေါင်းဆောင်များ နှင့် ရန်ကုန်ရောက် ဘင်္ဂါလီများ၏ သြဇာလွှမ်းမိုးမှုများကို ဖော်ထုတ်ထားသည်။မေးမြန်းချက်များအရ မောင်တော၊ အုန်းတောရွာနှင့် ညောင်ချောင်းရွာများရှိ ဘင်္ဂါလီရွာသားများသည်ကျောက်နီမော်ဖြစ်စဉ်ကို မသိပဲ တောင်ကုတ်ဖြစ်စဉ်ကိုသာ သိသည်ဟု ဖြေဆိုကြကြောင်း အစီရင်ခံစာတွင်ရေးသားထားသည်။ ဤသည်မှာ နောက်ကွယ်တွင် ကြိုးကိုင်နေသူများရှိကြောင်း ပေါ်လွင်နေသည်။

၆။ အစီရင်ခံစာတွင်ဘင်္ဂါလီများ အကူးအပြောင်းကာလများတွင် ထကြွသောင်းကျန်းတတ်သည်ကို သမိုင်းအထောက်အထားများအလိုက် ဖော်ပြထားသည်။ သမိုင်းတွင် အင်္ဂလိပ်အထွက် ဂျပန်အ၀င်ကာလ၊ ဗဟိုအုပ်ချုပ်ရေးလျော့ရဲချိန်ကာလများ၊ ၈၈ အရေးအခင်း မောင်တောမြို့သိမ်း စီမံကိန်း၊ ယခု ပြုပြင်ပြောင်းလဲရေးကာလများစသည့် အကူးအပြောင်းကာလများတွင် ဘင်္ဂါလီများ အချိန်ကိုက် လှုပ်ရှားခဲ့သည့် သမိုင်းသင်ခန်းစာများကို တင်ပြထားသည်။

၇။ အစီရင်ခံစာတွင် စစ်တမ်းပါ ဘင်္ဂါလီများ၏ ၅ ရာခိုင်နှုန်းသာ နိုင်ငံတော်အလံကို အလေးပြုနိုင်မည်ဟု ဆိုထားသည်ကိုတွေ့ရသည်။ ဘင်္ဂါလီများသည် မြန်မာစာကို မသင်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုကို ငြင်းပယ်ခြင်း၊ မြန်မာ့အသိုက်အမြုံ(mainstream society) ကို မ၀င်ရောက်ခြင်း၊ ဘာသာတရားအစွဲအလမ်းကြီးခြင်း စသည့် အချက်များကို သိထားသူများအဖို့ ဤသည်မှာကား ထူးဆန်းအံ့သြဖွယ်မဟုတ်ပေ။ မြန်မာနိုင်ငံ၏ သမ္မတအမည်နှင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သိရှိသူ နည်းပါးသည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်နေ ရခိုင်များသည် ဘင်္ဂါလီစကားနှင့် ရခိုင်စကား နှစ်မျိုးစလုံးကို ပြောတတ်ကြသည်။ ဘင်္ဂလားဒေ့ရှ်၏ mainstream society ထဲတွင် ၀င်ရောက်နေထိုင်ကြသည်။ ရောမရောက်လျှင် ရောမလိုကျင့် ဆိုသလို တချို့ဆိုလျှင် ချာရီပါ ၀တ်ကြသည်။ ချာရီကို ၀တ်သည်ဆိုခြင်းမှာ အစ္စလာမ်ဘာသာနှင့် မသက်ဆိုင်ပေ။တောင်အာရှ၏ ဓလေ့စရိုက်တစ်ခု ဖြစ်နေ၍ ဖြစ်သည်။ ဘင်္ဂလီများသည်လည်း မိမိရောက်ရှိနေသော နိုင်ငံကိုမြေပုံတွင် ရှာကြည့်သင့်သည်။ ဘင်္ဂလားဒေ့ရှ်မဟုတ်ပဲ မြန်မာနိုင်ငံဖြစ်နေသည်ကို တွေ့ရမည်သာ။

၇။ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း လုပ်ရှားနေကြသော နိုင်ငံတကာအဖွဲ့အစည်းများ အကြောင်းကိုလည်း ကဏ္ဍတစ်ခုအနေဖြင့်တင်ပြထားသည်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းသလို အော့နှလုံးနာစရာလည်း ကောင်းလှသည်။

၈။ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများနှင့် အာဏာစီးဆင်းမှု (chain of command) များကိုလည်း သုံးသပ်ထားပြီး လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် အကြံပြုထားသည်။ တပ်မတော်ရေအင်အား တိုးချဲ့ခြင်း၊ကမ်းခြေစောင့် ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်း၊ လ၀က အင်အားဖြည့်ဆည်းခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်လှမ်းကိုင်တွယ်မည့် အထူးတပ်ဖွဲ့ ဖွဲ့စည်းခြင်း စသည်များမှာ မရှိမဖြစ်လုပ်သင့်သောကိစ္စရပ်များဖြစ်သည်။

လုံခြုံရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်သင့်သည်များကိုလည်း တင်ပြထားသည်။ အမေရိကန်ပြည်ထောင်စုတွင် စက်တင်ဘာ ၁၁ အရေးအခင်းနောက်ပိုင်း ကာလအတွင်း Department of Homeland Security (DHS) ကို သမ္မတ ဘုရှ်မှ ဖွဲ့စည်းခဲ့သည်။FBI, CIA, နှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအကြား သတင်းဖလှယ်မှု အားနည်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းများကို ကုစားနိုင်ရန် နှင့် အကြမ်းဖက်မှုများကိုထိရောက်စွာ ကာကွယ်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၉။ အစီရင်ခံစာသည် ရခိုင်နေ ပြည်သူများ၏ အပြင်သဏ္ဍန်သာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များကိုလည်း ဖော်ပြထားပြီး ကုစားနိုင်မည့် နည်းလမ်းများကို အကြံပြုထားသည်။ အပြင်ပန်းဒဏ်ရာကို ကုစားရမြန်သလောက် အတွင်းစိတ်ဒဏ်ရာများမှာ ကုစားရခက်သဖြင့် ဤသည်ကို လျှော့တွက်စဉ်းစားမသင့်သည်မှာလည်း အမှန်ပင် ဖြစ်သည်။

၁၀။ အစီရင်ခံစာတွင် ရိုဟင်ဂျာ ဟူသော အသုံးအနှုန်းကို မည်သည့်အတွက်ကြောင့် မသုံးရသနည်းဆိုသည်ကို အသေးစိတ်ဖော်ပြထားသည်။ အဆိုပါ အသုံးအနှုန်းသည် ယခု ပြဿနာများ၏ မီးစ ဖြစ်သည်။ အစီရင်ခံစာတွင် “နှစ်ဖက်လက်မခံနိုင်သောရိုဟင်ဂျာကိစ္စအား ဆက်လက်ဆောင်ရွက်နေပါက ပြဿနာအား မဖြေရှင်းနိုင်သည့်အပြင် ဖွံ့ဖြိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရေးတွင်ပါ ကြီးစွာသော ထိခိုက်မှုများဖြစ်လာစေမည်ဖြစ်ပါသည်။“ ဟု ဆိုထားသည်။

အစီရင်ခံစာထွက်အပြီး အင်တာဗျူးတစ်ခုတွင် ဘူးသီးတောင်မြို့နယ် ပြည်ခိုင်ဖြိုးအမတ် ဘင်္ဂလီရွှေမောင်နှင့် ရန်ကုန်ရောက်ဘင်္ဂလီတက်ကြွလှုပ်ရှားသူများ မှ အစီရင်ခံစာတွင် ရိုဟင်ဂျာအမည်ကို မသုံးထားခြင်းကို ကန့်ကွက်ထားသည်။ မီးစကို မီးမွှေးချင်နေပုံ သေချာသည်။ နောက်တစ်ပြန် ပဋိပက္ခမဖြစ်အောင် အစီရင်ခံစာတွင်ဖော်ပြထားသည်များကို အသေအချာ ဖတ်ထားသင့်သည်။

၁၁။ ပဋိပက္ခဖြစ်ပွားရာဒေသရှိ အခြေအနေများကို သုံးသပ်၍ နှစ်ဖက်ပြည်သူများကို တည်ငြိမ်မှုတစ်ခုရရှိသည်အထိ ခေတ္တခဏခွဲထားရန် အစီရင်ခံစာက အဆိုပြုထားသည်။ ဤသည်ကိုပင် Human Rights Watch မှ ကန့်ကွက်ထားသည်ကို နားမလည်နိုင်အောင် တွေ့ရသည်။ ဆီ နှင့် ရေ ကို ပူနေသည့် အချိန်တွင် အတူထားလိုက်ခြင်းသည် ပြဿနာဖြေရှင်းသည့် နည်းလမ်းမဟုတ်ပေ။ နောက်ကွက်မှ မည်သည့်အကြောင်းများကြောင့် HRW မှအဆိုပါကိစ္စအား ရေးကြီးခွင်ကျယ် လူသိရှင်ကြား လိုက်ကန့်ကွက်နေသည်ကို စဉ်းစားမရနိုင်အောင်ပင်ဖြစ်သည်။

၁၂။ အစီရင်ခံစာတွင် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရေး၊ အသက်မွေးဝမ်းကျောင်း ကျောင်းများဖွင့်လှစ်ရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဖန်တီးရေး၊ ရေ ရှားပါးမှုပြဿနာကိုဖြေရှင်းရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတို့ကိုလည်း လုပ်ဆောင်ပေးသွားရန် တင်ပြထားသည်။ ဤဖွံ့ဖြိုးရေးကိစ္စများသည် မျဉ်းပြိုင်လုပ်ဆောင်ရမည့် လုပ်ရပ်များဖြစ်သည်။

ရခိုင်ပြည်တွင်အရှေ့ဘက်သွား ပြောင်းရွှေ့နေထိုင်မှု (Eastward Migration) ဖြစ်ပေါ်နေသည်မှာ နှစ်ပေါင်းရာကျော်ရှိနေပြီ ဖြစ်သည်။ ဒုတိယအင်္ဂလိပ်မြန်မာစစ်အပြီး အောက်မြန်မာပြည်ကို သိမ်းပြီးကတည်းကရခိုင်ပညာတတ်များသည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်စပြုလာကြသည်။ ၁၉၄၂ ခုနှစ်နှောင်းပိုင်းတွင်နယ်စပ်မြို့များမှ ရခိုင်တိုင်းရင်းသားများသည် စစ်တွေ၊ ရန်ကုန်စသည့် အရှေ့ဘက်သို့ ပြောင်းရွှေ့နေခဲ့ကြသည်။

အင်္ဂလိပ်နှင့်အတူဝင်ရောက်လာသော ဘင်္ဂါလီများသည် အဆိုပါနေရာများကို ၀င်ရောက်နေရာယူကာ ရခိုင်တိုင်းရင်းသားများကို အရှေ့ဘက်သို့ ပြောင်းရွှေ့ရန် ဖိအားပေးနေကြသည်။ အဆိုပါ ပြောင်းရွှေ့မှုသည် န၀တ၊ နအဖ လက်ထက်တွင်အပြင်းထန်ဆုံးဖြစ်သည်။ နေ့ချင်းညချင်းဆိုသလို ရန်ကုန်တိုင်းရှိ ရခိုင်လူဦးရေသည် သိန်းဂဏန်းကျော်ကုန်သည်။ဆယ်တန်းအောင်လျှင် ကျောင်းတက်ရန် ရန်ကုန်သို့ သွားသူက သွား၊ လူငယ်လူရွယ်များ သင်တန်းတက်ရန်၊အလုပ်ရှာရန် သွားသူက သွား၊ န၀တ နအဖလက်ထက် ရခိုင်ပြည်တွင် စစ်သားတပ်ရင်းအဆမတန် တိုးချဲ့မှုကြောင့် နယ်ဘက်တွင် မနေရဲပဲ ဖားကန့်၊ ရန်ကုန်၊ မလေးရှား၊ ထိုင်းစသည့် အရှေ့ဘက်သို့ ရွှေ့လျားသူများက ရွှေ့နေကာ အဆိုပါ Eastward Migration သည် အားကောင်းနေဆဲ ဖြစ်သည်။ လက်ရှိပဋိပက္ခဖြစ်အပြီးတွင်လည်း မောင်တော ဘူးသီးတောင်မြို့များမှ ငွေကြေးတတ်နိုင်သော ရခိုင်များ ရန်ကုန်သို့ ပြောင်းရွှေ့လာကြနေတုန်းပင်ဖြစ်သည်။
အဆိုပါဖြစ်စဉ်ကိုမရပ်တန့်နိုင်ပါက ယနေ့ရခိုင်ပြည်၏ အနာဂတ်မြေပုံကို မှန်ဘီလူးနှင့် ရှာကြရပေတော့မည်။ သို့ဖြစ်၍ development should be part of security measures and they should go side by side. ဒေသဖွံ့ဖြိုးရေးလုပ်ရပ်များသည် လုံခြုံရေး၏ အရေးကြီးသော အခန်းကဏ္ဍဖြစ်သည်။လုံခြုံအောင် လုပ်ပြီးမှ တိုးတက်ရေးကို လုပ်မည်ဆိုလျှင် ရခိုင်ပြည်သည် vicious cycle ထဲတွင် လှည့်ကာပတ်ကာ သွားနေရုံသာ ရှိမည်။ ဖွံ့ဖြိုးရေးလုပ်ရပ်များနှင့် လုံခြုံရေးအစီအမံများသည် မျဉ်းပြိုင်သဖွယ် သွားနေဖို့ လိုမည်။

၁၃။ အစီရင်ခံစာတွင် ဒေသပြည်သူများအား ပြည်သူ့နီတိ သင်တန်းများ ပို့ချပေးခြင်း၊ ဥပဒေနည်းနာများကို ရှင်းလင်းခြင်းစသည့် ပညာပေးအစီအမံများနှင့် ပညာရေးလုပ်ငန်းများကို ဖော်ပြထားသည်။ FM Radio နှင့်TV Channel တစ်ခု လုပ်ဆောင်သွားရန်လည်း အဆိုပြုထားသည်။ ရခိုင်ပြည်၏ ပညာရေးအဆင့်အတန်းသည် လွန်စွာဆိုးရွားနေသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းများ၊ နိုင်ငံတကာ စံနှုန်းများ နှင့်ထိတွေ့မှု အားနည်းနေသည်ကို တွေ့ရသည်။ ဘ၀အသက်ရှင် ရပ်တည်မှုအတွက် ရုန်းကန်နေကြရင်း အတွေးအခေါ်ဗဟုသုတလေ့လာလိုက်စားမှုတွင် အလွန်အားနည်းနေသည်။ အင်္ဂလိပ်ခေတ် နှင့် လွတ်လပ်ရေးနှောင်းခေတ်များတွင်သတင်းစာ များ ထုတ်ဝေခဲ့ကြသော်လည်း ယခုအချိန်တွင် RNDP ၏ တိုးတက်ရေးစာစောင်မှ လွဲ၍ သတင်းစီးဆင်း ဖြန့်ဝေမှုမှာအလွန်အားနည်းနေသည်။ စစ်တွေနှင့် မြို့အချို့တွင် အင်တာနတ်သုံးနိုင်ကြသော်လည်း မီးမမှန်ခြင်း၊ မီတာခ ဈေးကြီးခြင်း၊ လိပ်သွားအင်တာနတ်လိုင်းသာ ရှိခြင်း စသည့် အခက်အခဲများကို ဖြေရှင်းပေးမှ ရခိုင်ပြည်သူများကို နိုင်ငံတကာအဆင့်မဟုတ်တောင်မှ ရန်ကုန်အဆင့်ရောက်အောင် ဆွဲခေါ်နိုင်မည်။

အစီရင်ခံစာတွင် ကုလားတန်မြစ်ကြောင်း စီမံကိန်းကိစ္စနှင့် ရခိုင့်သဘာဝ သယံဇာတ အရင်းအမြစ်စီမံကိန်းများတွင် ဒေသခံ နိုင်ငံရေးကိုယ်စားလှယ်များနှင့် ပြည်သူများ ပူးပေါင်းပါဝင်ခွင့် မရှိမှု များကို မဖော်ပြထားပေ။ ရွှေဂတ်စ်စီမံကိန်းအကြောင်းကို တစ်ကြောင်းသာသာမျှသာ ဖော်ပြထားပြီး ကျောက်ဖြူမြို့ကိုဂတ်စ်ဖြင့် မီးပေးသင့်သည်ဟုသာ ဖော်ပြထားသည်။ ရခိုင် တစ်ပြည်နယ်လုံးကို မီးပေးသင့်သည်ဟု မဖော်ပြထားပေ။

TVChannel ရှိပြီး ရခိုင်တပြည်နယ်လုံး မီးမရလျှင်လည်း မဖြစ်ပေ။ ဈေးနှုန်းချိုသာသော မီးကိုရရှိနိုင်မှ အသိပညာဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေးလုပ်ငန်းများလည်း ရှင်သန်လာနိုင်မည်ဖြစ်သည်။ ဈေးနှုန်းချိုသာသော မီးကို ရရှိမှ စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ၏ စရိတ်စခကျဆင်းကာ ဈေးကွက်တွင် ပြိုင်ဆိုင်နိုင်မည် ဖြစ်သည်။

၁၃။ အစီရင်ခံစာတွင် ၁၉၈၂ ခုနှစ် ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ရန် အဆိုပြုထားသည်။ နိုင်ငံသား ပေးသင့်သူများကို ပေး၍ နိုင်ငံသားအခွင့်အရေးများ ခံစားခွင့် ရှိသင့်သည်ဟု ဖော်ပြထားသည်။

၁၄။ အစီရင်ခံစာတွင် ဘင်္ဂလီလူဦးရေ တိုးပွားမှုနှင့် လူမှုအသိုင်းအ၀ိုင်းအပေါ် သက်ရောက်မှုများကို သုံးသပ်ထားသည်။ မိသားစု စီမံချက် (family planning) နှင့် ပညာပေးလုပ်ဆောင်ရမည့် ကိစ္စရပ်များကိုလည်း ဖော်ပြထားသည်။ အတင်းလုပ်ဆောင်ခြင်း မဟုတ်သော လူဦးရေ ထိန်းချုပ်မှုနှင့် မိသားစု ဘ၀အာမခံရှိမှု၊ ဘ၀အရည်အသွေး (quality of life) မြင့်မားလာရေး ဆောင်ရွက်ရန် များကိုလည်း တင်ပြထားသည်။ မိန်းမ တစ်ဦးထက် ယူနေကြမှုများကို ဥပဒေအရ တားမြစ်ရန် လိုအပ်မှုများကိုလည်း တင်ပြထားသည်။ အတင်းလုပ်ဆောင်လျှင် လူ့အခွင့်အရေးအဖွဲ့အစည်းများမှ မတော်မရာ စွပ်စွဲချက်များကို ခံရနိုင်သဖြင့် ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်သင့်သည်များကို တင်ပြထားသည်။ သို့သော် tax disincentive, benefit disincentive စသည့် အသေးစိတ် နည်းနာများ ပါဝင်မှု အားနည်းနေသေးသည်။
၁၅။ အစီရင်ခံစာတွင် “စစ်တမ်းတွင် ပါဝင်သည့် တောင်ပိုင်းသားဘင်္ဂါလီများ၏ (၆၀) ရာခိုင်နှုန်းသည် ဗမာ-မူဆလင်များကဲ့သို့ နေထိုင်ရန် ပြဿနာမရှိကြောင်း ပြောကြားကြပြီး၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ စစ်တမ်းတွင် ပါဝင်သူများအားလုံးလိုလိုမှ မိမိတို့ဘာသာတရား၏ လိုအပ်ချက်အရ ယခုလက်ရှိအတိုင်း ဆက်၍နေသွားမည်ဟု ပြောဆိုကြပါသည်။” ဟု ရေးသားထားသည်။

အစီရင်ခံစာပါ လူဦးရေစာရင်းများ အရ တောင်ပိုင်းခရိုင်များဖြစ်သော သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင် တို့တွင် မွတ်ဆလင်လူဦးရေသည် စုစုပေါင်း လူဦးရေ၏ ၂ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပြီး ဗုဒ္ဓဘာသာဝင်များမှာ ၉၇ ရာခိုင်နှုန်း ၀န်းကျင် ရှိကြသည်။ မောင်တောခရိုင်တွင် မွတ်စလင် လူဦးရေသည် စုစုပေါင်းလူဦးရေ၏ ၉၀ ရာခိုင်နှုန်းရှိပြီး ဗုဒ္ဓဘာသာဝင်များမှာ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။ တောင်ပိုင်းရှိ လူနည်းစု ဘင်္ဂါလီများသည် မြန်မာ့အသိုက်အမြုံတွင် ၀င်ရောက်နေထိုင်ရန် ၀န်မလေးကြသော်လည်း မောင်တောခရိုင်ရှိ လူများစု ဘင်္ဂါလီများသည် ဘာသာတရားလွှမ်းမိုးမှုကြီးမားကာ မြန်မာ့အသိုက်အမြုံတွင် ပါဝင်မနေထိုင်လိုကြပေ။ ဤသည်မှာ ကမ္ဘာတ၀ှမ်းတွေ့ရလေ့ရှိသော လူများစုဒေသ မွတ်စလင်များ၏ ခွဲထွက်ရေး လက္ခဏာတစ်ခု ဖြစ်သဖြင့် အနာဂတ်နိုင်ငံ့အချုပ်ခြာအာဏာအတွက် အလွန်အမင်း စိုးရိမ်စရာပင်ဖြစ်သည်။

အချုပ်ဆိုရလျှင် ကော်မရှင်ပါ တာဝန်ရှိပုဂ္ဂိုလ်များ၏ နိုင်ငံတော်အတွက် စေတနာထား ကြိုးပမ်းထားမှုကို တွေ့ရှိရပြီး သမ္မတကြီးနှင့် အစိုးရ ဌာနများ၊ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများ လုပ်ကိုင်ကြရမည့် ရှေ့လုပ်ငန်းစဉ်များကိုလည်း အသေးစိတ်ချပြထားသည်ကို တွေ့ရသည်။ ကော်မရှင်၏ တင်ပြချက်များတွင် အရေးတကြီးလုပ်ဆောင်ရန်နှင့် ရေရှည်လုပ်ဆောင်ရန်များ ပါဝင်သည်။ သမ္မတကြီး ဦးသိန်းစိန်အပြင် နောင် နိုင်ငံတော်အစိုးရ လက်ထက်များအထိ လုပ်ဆောင်ရန်များ ပါဝင်နေသည်။ လက်ရှိသမ္မတကြီးအနေဖြင့် မည်သည်ကို ဦးစားပေးလုပ်ဆောင် ပြီး မည်မျှအထိစွမ်းဆောင်နိုင်မည် ဆိုသည်မှာ အချိန်ကသာ အဖြေပေးသွားနိုင်ပေလိမ့်မည်။

Kyaw H.Aung
ဧပြီ ၃၀၊ ၂၀၁၃ ခုနှစ်

No comments: