Thursday, May 16, 2013

မဟာစင် မုန်တိုင်းမလာမီ ကြိုတင် ပြင်ဆင်နေကြောင်း အစိုးရ ရှင်းလင်း

နန်းဆိုင်နွမ်

ရခိုင်ပြည်နယ်တွင် မဟာစင်မုန်တိုင်း ၀င်ရောက်လာပါက ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ စီစဉ်ဆောင်ရွက်နေသည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာတွင် ယနေ့ ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲတွင် ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူသားချင်း စာနာသည့်စိတ်ဖြင့် လူမျိုးဘာသာ မခွဲခြားဘဲ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဒုက္ခသည် စခန်းများမှ အိုးအိမ်မဲ့ ဒုက္ခသည်များအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများ အပြင်၊ ရိက္ခာအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ဆက်သွယ်ရေး၊ သတင်းထုတ်ပြန်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စများကိုလည်း စီမံ ဆောင်ရွက်နေသည် ဟု ၀န်ကြီး ဦးအောင်မင်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ သမ္မတရုံး ၀န်ကြီးများ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူမှုကွန်ရက်များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

“ကျနော်တို့ လူမျိုးဘာသာ မခွဲခြားဘဲ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဆောင်ရွက်သွားမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့အကြံဉာဏ်တွေ ယူသွားမယ်။ ဒုက္ခသည်စခန်းမှာရှိတဲ့ သူတွေကိုလည်း မေ ၁၃ ရက်က စတင်ပြီး ရွှေ့ပြောင်းနေရာ ချပေးနေပါတယ်။ မရွှေ့တဲ့သူ တွေကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်” ဟု ဦးအောင်မင်းက ပြောသည်။

အစိုးရဘက်ကလည်း ဒုသမ္မတ ဦးဆောင်သည့် “အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ” ကို ဖွဲ့စည်းပြီးနောက် ယင်းကော်မတီ၏ မူဝါဒနှင့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော “အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ” ကို ထပ်မံ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် အဆိုပါကော်မတီများက မုန်တိုင်း မလာမီ၊ မုန်တိုင်း တိုတ်ခတ်နေစဉ် ဆောင်ရွက်ရန်နှင့် မုန်တိုင်းလွန်ကာလဟူ၍ သုံးမျိုးခွဲကာ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေကြသည်။

“တချို့လူတွေက ဘာကြောင့် မပြောင်းချင်တာလဲဆိုတော့ သူတို့နေရာတွေ ပျောက်သွားမှာကို စိုးတယ်။ အဲဒါကြောင့်ပါ။ ကျနော်တို့ကတော့ အသက်အန္တရာယ် လွတ်တဲ့ နေရာမှာပဲ ထားမှာပါ။ အဲဒါကို အောက်ခြေကစပြီး သွားရောက် ညှိနှိုင်း လုပ်ဆောင်နေရပါတယ်” ဟု ဦးအောင်မင်းက ဆိုသည်။

လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် ဒုက္ခသည် တသိန်းကျော်ရှိပြီး တချို့ ဒုက္ခသည်များသည် ယခုအချိန်အထိ ယာယီတဲများဖြင့်သာ နေထိုင်နေရဆဲ ဖြစ်သည်။

“နိုင်ငံခြား ဆက်ဆံရေး အနေနဲ့လည်း နိုင်ငံတကာ အလှူရှင်တွေ ဆက်သွယ်ဖို့ email တွေ ဖွင့်ထားပြီးပါပြီ၊ နိုင်ငံတကာက မေးမြန်းလာတဲ့အခါ ချက်ချင်း ဖြေကြားပေးသွားမှာပါ” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောကြားခဲ့သည်။

မေ ၁၃ ရက် ည ၁၀ နာရီခန့်တွင် မွတ်စလင် ဒုက္ခသည်များက မုန်တိုင်းကို တိမ်းရှောင်ရန် စက်လှေဖြင့် ပင်လယ်ထဲသို့ ထွက်ကြသည့်အခါ စက်လှေတိမ်းမှောက်ပြီး လူတချို့ပျောက်ဆုံးနေကြောင်း၊ ထိုကဲ့သို့ မပြုလုပ်သင့်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနမှ ဒုဝန်ကြီး ဦးရဲထွဋ်က ဆွေးနွေးပွဲတွင် ပြောသည်။

“ပြန်ကြားရေး ၀န်ကြီးဌာနကလည်း အချိန်နှင့် တပြေးညီ မုန်တိုင်းသတင်းတွေကို ထုတ်ပြန်သွားမှာပါ” ဟု ဦးရဲထွဋ်က ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မုန်တိုင်းတိုက်ခတ်စဉ် ခိုလှုံရန်နေရာများ တည်ဆောက်ထားခြင်း မရှိသေးကြောင်းနှင့် နောင်တွင် ဆောက်လုပ်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ် ဧပြီလက တိုက်ခတ်ခဲ့သော မာလာမုန်တိုင်းကြောင့် လူ ၃၇ ဦးသေဆုံးခဲ့ပြီး ကျပ်သန်းပေါင်း ၁၂၆၄ ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် ကျောက်ဖြူခရိုင်တွင် ၂၀၀၇ ခုနှစ် မေလ ၁၁ ရက်နေ့က တိုက်ခတ်ခဲ့သော AKASH မုန်တိုင်းကြောင့် လူ ၁၄ ဦးသေဆုံးခဲ့ပြီး ကျပ် ၅၈၉. ၃သန်း ဆုံးရှုံးခဲ့ရသည်။

၂၀၀၈ ခုနှစ် မေလ က ၂ ရက်နေ့က တိုက်ခိုက်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းမှာ မြန်မာပြည်တွင် အကြီးဆုံး မုန်တိုင်းဖြစ်ခဲ့ပြီး သေဆုံးသူ ၈၅၀၀၀ ခန့်၊ ပျောက်ဆုံးသူ ၅၄၀၀၀ ခန့်၊ ဒဏ်ရာရသူ ၂၀၀၀၀ ခန့်နှင့် ကျွဲနွား၊ လယ်မြေများ ပျက်စီးမှုကိုပါ ထည့်တွက်လျှင် စုစုပေါင်း ကျပ်ငွေ ၁၁. ၇ ထရီလီယံခန့် ဆုံးရှုံးခဲ့ရသည်။

အလားတူ ၂၀၁၀ ပြည့်နှစ်ကလည်း ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကို ဂီရိမုန်တိုင်း ဖြတ်သန်း တိုက်ခတ်ခဲ့သည်။

No comments: