Tuesday, May 7, 2013

စိုက်ပျိုးရေးနည်ပညာ ပံ့ပိုးနိုင်ရေးအတွက် မြေယာများတောင်းခံ လာသည့်အပေါ် ဒေသခံများ လက်မခံနိုင်ဟုဆို

ဖဲဘူး

သမ္မတရဲ့ ဆုချီးမြှင့်ခံခဲ့ရသူ လုပ်ငန်းရှင် ဦးမြတ်သူဟာ ကယားပြည်နယ်အတွင်း ပြောင်းသီးနှံကို ဒေသခံများအတွက် နည်းပညာပံ့ပိုးပေးနိုင်ဖို့နှင့် ရှေ့ဆောင်လမ်းပြ စိုက်ပျိုးရေးအတွက် စိုက်ပျိုးမြေ ဧက ၅၀၀ (သို့) ၁၀၀၀ ကိုတောင်း ခံလာရာ ဒေသခံများက လက်မခံနိုင်ကြောင်း ပြောဆိုနေကြပါတယ်။

ဒီးမောဆိုမြို့နယ် ဒေါကလော်ဒူကျေးရွာအုပ်စုအတွင်းရှိ ပြည်နယ်ရဲ့ ထင်ရှားသည့် နေရာတခုဖြစ်တဲ့ ကန်ခုနှစ်ဆင့်ရှိရာဘက်မှာ စိုက်ပျိုးရေးလုပ်ငန်းအတွက် စက်ရုံအလုပ်ရုံများ တည်ဆောက်ဖို့အတွက် ပြည်ထောင်စု ဒုဝန်ကြီး ဦးခင်ဇော်နှင့် ပြည်နယ် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရန်အောင်တို့က ဒေသခံတွေနဲ့ မေလ ၂ ရက်နေ့မှာ တနီးလာလဲရွာမှာ ပြောဆိုခဲ့ကြတာပါ။

“ကျနော်တို့ကို မြေဧက ၅၀၀ ဒါမှမဟုတ် ၁၀၀၀ ကို ပေးပါ။ အဲဒါကို ကျနော်တို့က ခင်ဗျားတို့အတွက် ပညာပေးပေါ့ နည်းပညာတွေပေးမယ် ခင်ဗျားတို့လည်းလေ့လာကြရမယ်။ ပြီးရင် ခင်များတို့ လိုအပ်တဲ့ အရင်းအနှီးတွေ လုံလုံလောက်လောက်မရှိ ဘူး ဆိုရင်လည်း ကျနော်တို့က ထုတ်ပေးပါ့မယ်။ ပြီးရင် ကျနော်တို့ပေါက်ဈေး အတိုင်း ပြန်ဝယ်ပါမယ်လို့ပြောတယ်။ ဒီမြေကို ယူတဲ့တခုက ဧက ၅၀၀၊ ၁၀၀၀ တောင် ယူမယ်ဆိုတော့ ကျနော်တို့စိတ်သဘောအတိုင်းဆိုရင်တော့ ကျနော်တို့အတွက် ကုန် သွားပြီလေ။ ကျနော်တွေးကြည့်တာကတော့ လေး ၊ငါး၊ ဆယ် ဧကလောက်ပဲယူပြီးတော့ နည်းပြနမူနာတွေလုပ်ပေးရင် ကျနော်တို့ ခွင့်ပြုပေး မယ်။ တနှစ်၊ နှစ်နှစ်လောက်ပဲလုပ်မယ် ဆိုရင်ပေါ့။ ပြီးရင်ကျနော်တို့ကို ပြန်ပေးပေါ့။ ခုဟာက ဒီလောက် အများကြီး တောင်းတဲ့ခါကျတော့ ကျနော်တို့ လက်မခံနိုင်ပါဘူး“ ဒေါကလော်ဒူ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမီရယ်က ပြောဆိုသွား တာဖြစ်ပါတယ်။

ယခုလို ဒေသခံများအတွက် စိုက်ပျိုးရေးနည်းပညာများကို မျှဝေပေးနိုင်ရန် ပဲခူးတိုင်းဒေသ မှ စွမ်းဆောင်ရည် ဆုချီးမြင့်ခံရသော မြဧကရီ ကုမ္ပဏီပိုင်ရှင်ဦး မြတ်သူ မှ ကိုယ်တိုင် လာရောက်ကာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ကုမ္ပဏီမှ စိုက်ပျိုးရေးနည်ပညာအပြင် ဒေသခံများလိုအပ်သော ရင်းနှီးမတည်ငွေကို ထုတ်ပေးသွားမည်ဖြစ်ပြီး ပြောသွားပါတယ်။

“အကယ်၍ပြောင်းဖူးနဲ့ စိုက်မယ်ဆိုရင်တော့ ကျနော်ထင်တယ် ကျနော်တို့ ရွာသူရွာသားတွေအတွက် သိပ်အကျိုးရှိလာမယ်လို့တော့ မထင်ဘူးပေါ့နော။ ဒါပေမဲ့လို့ ကျနော်တို့ရွာသူရွာသားတွေအတွက် အကျိုးရှိတာတွေ လုပ်ပေးမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ လယ်ယာမြေ အဲလောက်ကို ပြောင်းဖူးစိုက်ဖို့အတွက်ပဲ လိုချင်တယ်ဆိုရင်တော့ ကျနော်တို့ ဒေသခံတွေအတွက် သိပ်တိုးတက်မှု မရှိလောက်ဘူးလို့ကျနော်ထင်ပါတယ်” လို့ တနီးလားလဲ ရွာသားတဦး ဖြစ်တဲ့ ဦးဘောရယ် ကပြောပါတယ်။

တနီးလားလဲ ကျေးရွာ ဒေသခံများဟာ မိမိတို့လယ်ယာမြေများမှာ ဘိုးဘွားဘီဘေလက်ထက်မှစ၍ အမွေဆက်ခံကာ လုပ်ကိုင်စားသောက်လာခဲ့ရတဲ့ ဘိုးဘွားအမွေအနစ် ဖြစ်သည့်အတွက် ဤမြေများကို ကုမ္ပဏီလက်သို့ မအပ်နှံနိုင်ကြပါဘူး။

“မစွန့်လွတ်နိုင်ဘူးထင်တယ်။ ဒီပုံစံမျိုးနဲ့ဆိုရင် မစွန့်လွတ်နိုင်ဘူး။ မက်လုံးသဘော မျိုးနဲ့လာပြီးတော့ စည်းရုံးတယ်လို့ပဲ အဲလိုပဲသုံးသပ်တယ်ပေါ့လေ” လို့ ဦးမီရယ်က ဆက်ပြောပါတယ်။

ဒေါကလော်ဒူအုပ်စု အတွင်း ဒေသခံများလုပ်ကိုင်လျှက်ရှိသော မြေယာများမှာ ခန့်မှန်းခြေ ဧက ၁၀၀၀ ၀န်းကျင်တွင်းသာရှိကြောင်း အုပ်စုအုပ်ချုပ်ရေးမှူး ဦးမီရယ်က ပြောပါတယ်။

မြဧကရီကုမ္ပဏီမှ ရှေ့ဆောင်လမ်းပြကာ စိုက်ပျိုးရေးနည်းပညာဖြန့်ဝေပေးမယ့် တနီးလားလဲကျေးရွာ အနီးလယ်ယာမြေများသည် ကယားပြည်နယ်၏ သမိုင်းဝင် အထင်ကရ ရေကန်ဖြစ်သည့် ကန်ခုနှစ်ဆင့် ရေကန်နှင့် နီးစပ်လျှက်ရှိပြီး အမှန်တကယ် စိုက်ပျိုးရေး ပြုလုပ်နိုင်လာမည့်အချိန်တွင် ၎င်း ကန်ခုနှစ်ဆင့်နှင့် အနီးတ၀ိုက်ရှိ ကန်များမှ ရေများရယူအသုံးပြုရန် အစီအစဉ်ရှိကြောင်းလည်း သိရပါတယ်။

တနီးလာလဲကျေးရွာအနီးရှိ ကန်ခုနှစ်ဆင့်ရေကန်များသည် အစိုးရမှလည်း နိုင်ငံခြားသား ဧည်သည်များ လာရောက်လည်ပတ် နိုင်ရန်အတွက် ခရီးသွားလုပ်ငန်းတခုအနေဖြင့် အလှဆင်ပြုပြင်မှုများ ပြုလုပ်ရန် အစီအစဉ်များရှိကြောင်းလည်း သိရပါတယ်။

No comments: