Monday, September 1, 2014

လူငယ်များ အလုပ်လက်မဲ့ဖြစ်ခြင်းက မျှော်လင့်ချက်ပါ မဲ့စေဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ယုဝေ

မြန်မာနိုင်ငံရှိလူငယ်ထုအတွက်အလုပ်ရှားပါးမှု၊ အလုပ်လက်မဲ့ဖြစ်မှုကြောင့် ဖြစ်ပေါ်လာသည့် မျှော်လင့်ချက်မဲ့မှုသည် ပြဿနာတစ်ရပ် ဖြစ်သည်ဟုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ၃၀ ရက်ကတော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်မျိုး ဆက်များတွေ့ဆုံပွဲတွင် ပြောသည်။

“လူငယ်တွေက အလုပ်မဲ့တာ ကြာလာလို့ရှိရင် မလုပ်မရှိဘဲ မိဘကို အားကိုး နေရတာမျက်နှာငယ်တာပေါ့။ အလုပ်ရှိတဲ့သူတွေကြားမှာ မျက်နှာငယ်တာ အဲ့ဒါဖြစ်တာကြာလာလို့ရှိရင်စိတ်ဓါတ်ကျလာပြီးတော့ မျှော်လင့်ချက် ပါမဲ့သွားတက်တယ်။အဲ့ဒီအခြေအနေရောက်ရင် ကုဖို့ အင်မတန်မှခက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ပြဿနာသည် အဓိက ပြဿနာတစ်ခုဖြစ်ကာလူငယ်မဟုတ်တော့သည့် အရင်တုန်းက လူငယ်များက ယင်းပြဿ နာ၏ အဖြေကိုစဉ်းစားဖြေရှင်းရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“တက်နိုင်သမျှ လူငယ်မျိုးဆက်သစ်တွေကို ရွေးချယ်ပိုင်ခွင့်တွေပေးနိုင်သလောက်ပေးဖို့ ကြိုးစားစေချင်တယ်။ ရွေးချယ်ပိုင်ခွင့်တွေများလာလေလူငယ်တွေ ဟာ ကိုယ်သန်ရာသင့်တော်ရာ ထိုက်တန်ရာကို ရွေးချယ်နိုင်တယ်။ အဲ့ဒါမှလည်းတိုးတက်မှုရှိနိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယင်း NLD လူငယ်မျိုးဆက်များ တွေ့ဆုံပွဲသို့ NLD မျိုးဆက် အဖွဲ့ဝင် ၃၀၀ကျော်တက်ရောက်ခဲ့သည်။

အမျိုးသားလူငယ်စင်တာ ယာယီကော်မတီ အဖွဲ့ဝင် ကိုသက်ဆွေဝင်းက “လူငယ်တွေအတွက်အလုပ်မရတာမျိုးတွေလည်း ရှိနေသလိုမျိုး ကိုယ့်ဝါသနာ၊ ကိုယ်သင်ထားတဲ့ပညာရပ်နဲ့မကိုက်ညီတဲ့ အလုပ်တွေကို လုပ်နေရာမျိုးတွေလည်း အများကြီးရှိနေပါတယ်”ဟုမဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံကို ဇူလိုင်လ ၅ရက် နှင့် ၆ ရက်တွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီးခန်း မပြုလုပ် ခဲ့ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း တက်ရောက်ပြောကြားခဲ့သည်။

ယင်းညီလာခံတွင် အမျိုးသမီးခုနစ်ဦးနှင့် တိုင်းရင်းသားလူငယ်များ အပါအ၀င်NLD လူငယ်ခေါင်းဆောင် ၁၅ ဦးရွေးချယ်ခဲ့သည်။

မြန်မာလူငယ်အစည်းအရုံး၏ သြဂုတ်လဆန်းပိုင်းက ထုတ်ပြန်သည့် စစ်တမ်းအရမြန်မာနိုင်ငံအတွင်းရှိ လူငယ်အားလုံး၏ ၆၀ရာခိုင်နှုန်းမှာအလုပ်လက်မဲ့ များဖြစ်သည်။ ထိုစစ်တမ်းပါအချက်များကို အစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက် ပေးရန် သမ္မတထံ စာပို့ထားသည်။

No comments: