Monday, September 29, 2014

ပဲ အရောင်းအဝယ်များကို ကြိုတင်ငွေပေးချေသည့် စနစ် ကျင့်သုံးမည်

သီဟကိုကို

ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပွားလေ့ရှိသည့် ပဲ အရောင်းအဝယ်ဈေးကွက်တွင် ကြိုတင်ငွေပေးချေသည့် စနစ်ကို မကြာမီ ပေါ်ပေါက်အောင် ဆောင်ရွက်သွား မည်ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ တာဝန်ရှိသူများက ပြောသည်။

ပဲ အရောင်းအ၀ယ်များ ပြုလုပ်ရာတွင် ကြိုတင်ငွေ (စရန်) ၁၀ ရာခိုင်နှုန်း ပေးချေရောင်းဝယ်ရမည့် ကုန်စည်ရာင်းဝယ်ရေး စနစ်ကို လာမည့်နှစ်လမှ သုံးလခန့် အတွင်း စတင်ဆောင်ရွက်သွားမည်ဟု ၎င်းတို့က ဆိုသည်။

“ပဲ အရောင်းအဝယ်ကို ကြိုတင်ငွေ ၁၀ ရာခိုင်နှုန်းကို စရန်အနေနဲ့ ပေးချေရမှာ။ Commodity Exchange ပေါ့။ ဒီစနစ် ပေါ်လာရင်တော့ ပဲလောကမှာ ဖြစ်ပေါ်နေတဲ့ ငွေရေးကြေးရေးပြဿနာတွေ နည်းပါးသွားမယ်လို့တော့ ထင်တယ်” ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

ပဲ အရောင်းအဝယ်လောကတွင် နှစ်ပေါင်းများစွာ လေရောင်းလေဝယ်ဖြင့် အရောင်းအဝယ်လုပ်ခဲ့ကြပြီး ငွေကြေးပြဿနာများ ယနေ့အချိန်ထိ ဖြစ်ပေါ်နေသည့် အတွက် အရောင်း အဝယ်များကို ကြိုတင်ငွေ ပေးချေပြီးမှ ရောင်းဝယ်ခြင်းဖြင့် ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာနနှင့် ပူးပေါင်းကာ ကြိုးစားနေခြင်းဖြစ်သည်ဟု ပဲ/နှမ်းအသင်းမှ တာဝန်ရှိသူများက ဆိုသည်။

ပဲ အရောင်းအဝယ်များကို လေရောင်းလေ ၀ယ်ဖြင့် ရောင်း ၀ယ်ခြင်း မပြုကြ ရန်နှင့်ပဲ အရောင်းအ ၀ယ်များကိုစာ ချုပ်ဖြင့်ရောင်း ၀ယ်ကြရန် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှ ၂၀၁၃ ခုနှစ်တွင် စတင် ထုတ်ပြန်ခဲ့သော်လည်း ယနေ့ အချိန်အထိ ကုန်စည်ဒိုင်ပြင်ပ၌ လေရောင်းလေဝယ်ဖြင့် အရောင်းအဝယ်လုပ်နေမှုများ ရှိသည်ဟု ပဲ/နှမ်း အသင်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မြတ်စိုးက ပြောသည်။

စက်တင်ဘာလ ၁၅ ရက်ဝန်းကျင်တွင် ပဲတန်ချိန် ၄၅၀၀ ခန့်ကို ပြည်တွင်းပဲကုန်သည်အချင်းချင်း ကြိုပွင့်ဖြင့် အရောင်းအဝယ်ပြုလုပ်ထားကြပြီး ပဲဈေးနှုန်များ ရုတ်တရက် ကျဆင်းလာချိန်တွင် ပေးချေရမည့် ငွေကို ပေးချေခြင်းမရှိတော့ဘဲ ကုန်ပစ္စည်းများကိုပါ ချန်ထားတိမ်းရှောင်မှုများ ဖြစ်ပွားခဲ့သည်။ ယင်းငွေကြေး ပြဿနာ ပေါ်ပေါက်ခဲ့ပြီးနောက်တွင် ဈေးကွက်အတွင်း၌ အရောင်းအ၀ယ်များလည်း ထက်ဝက်ကျဆင်းသွား သည်။

ပြီးခဲ့သည့် မေလကလည်း ပြည်တွင်း ပဲကုမ္ပဏီနှင့် အိန္ဒိယပဲကုမ္ပဏီ များအကြား ကျပ်သိန်းသောင်း ချီ ငွေကြေး အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကိုယ်တိုင် ၀င်ရောက် ဖြေရှင်ပေးခဲ့ရသည်။

၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း ပြည်တွင်းပဲကုမ္ပဏီတစ်ခုမှ အိန္ဒိယကုမ္ပဏီများထံမှ ငွေကြိုတင်ရယူကာ ပဲတင်ပို့မှု မရှိသည့်ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်။ ပဲလောကအတွင်း၂၀၀၈ ခုနှစ်တွင် ကျပ်ဘီလီယံချီ ဖြစ်ပွားခဲ့သည့် ငွေကြေးပြဿနာကြောင့် အရောင်းအဝယ်ရပ်ဆိုင်းသည် အထိဖြစ်ပွားခဲ့သည်။

No comments: