Tuesday, September 30, 2014

နေပြည်တော်ရှိ ရွှေထွက်သည့်တောင်ကို တက်ခွင့်ပုဒ်မ ၁၄၄ ဖြင့် အချိန်ပြည့်ပိတ်

မောင်သင်တုန်း

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ်ဝင်းမြောက်ဘက် တောင်စောင်းထိပ်တွင် ရွှေအမြောက် အမြားထွက်ရှိသည်ဟု ကောလာဟလ ထွက်ပေါ်ပြီးနောက် အဆိုပါ တောင်ထိပ်ကို ၂၄ နာရီ မတက်ရအမိန့် ပုဒ်မ ၁၄၄ ဖြင့် စက်တင်ဘာ ၂၈ ရက်တွင် ကန့်သတ်လိုက်သည်။

ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်း၏ အမိန့်အမှတ် ၁/ ၂၀၁၄ ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အမိန့်စာကို အဆိုပါ တောင်အနီးရှိ ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားသည်ကို မဇ္ဈိမက တွေ့ရှိခဲ့သည်။

ရွှေထွက်သည်ဟု သတင်းများထွက် ပေါ်ခြင်းကြောင့် အဆိုပါတောင်ပေါ်သို့ ထောင်နှင့်ချီ သွားရောက် ရွှေ ကျင်သူများရှိနေရာ ထိုသူများကိုလည်း တားမြစ်လိုက်ရာ တောင်ပေါ်သို့ တက်ရောက်ခွင့် ပိတ်ပင်လိုက်ခြင်း ဟု ကျည်တောင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

“၁၄၄ ပုဒ်မ ထုတ်လိုက်တယ်၊ တူးနေတဲ့ သူတွေကို ပြန်ခိုင်းတာပေါ့။ အေးအေးဆေးဆေး ပြန်ခိုင်းတာပါ။ နောက်ထပ် လာတူးတဲ့သူတွေကိုတော့ တောင်ပေါ်ကို အတက်မခံတော့ဘူး” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနောင်နောင်က ပြောသည်။

ကျည်တောင် ကျေးရွာအုပ်စုအတွင်းရှိ ရွာရှစ်ရွာမှ ဒေသခံများအပြင် ပျဉ်းမနားမှလည်း သွားရောက်တူးဖော် နေသည်ကို တွေ့ရသည်။ တူးဖော်သူအချို့၏ အဆိုအရ ရွှေ ၂၀ ကျပ်သားအထိ တူးဖော်ရရှိသူများ ရှိသည် ဟု ဆိုသည်။

ဇေယျာသီရီမြို့နယ် အုပ်ချုပ်ရေးမှူး၏ တားမြစ်မိန့်တွင် အဆိုပါမြေနေရာသည် အဓိကအားဖြင့် ကာကွယ် ရေး ၀န်ကြီးဌာန ခြေမြန်တပ်ရင်း၊ အမြောက်တပ်ရင်းများနှင့် နီးကပ်စွာရှိခြင်း၊ ပေါင်းလောင်း ရေလှောင် တမံနှင့် ရေအားလျှပ်စစ်စက်ရုံဝင်းအနီးတွင် တည်ရှိခြင်းကြောင့် လုံခြုံရေးအရ တားမြစ်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေတူးဖော်မှုနှင့် ပတ်သက်၍ ဇေယျာသီရိမြို့နယ် မြေစာရင်းဦးစီးမှူး ဦးညွန့်ထွေးကမူ “အစိုးရပိုင်မြေပါ။ ဘယ်ဝန်ကြီးဌာနအောက်မှာမှ မရှိဘူး။ တရားဝင်တူးခွင့်ပေး မပေးကတော့ အုပ်ချုပ်ရေးမှူးပဲ သိမယ်” ဟု ပြောသည်။

အဆိုပါတောင်ကုန်းသို့တက်ရောက် နိုင်သည့်လမ်း နှစ်ခုရှိပြီး မဇ္ဈိမရောက် ရှိခဲ့သည့် တောင်တက်လမ်း တွင်မူ မီးသတ်ဝန်ထမ်း၊ ရဲ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ၁၀ ဦးခန့်က တူးဖော်ရရှိသည့် ပစ္စည်း များကို ယူသွားစေပြီး ဆက်လက်မတူးဖော်ရန် တားဆီးနေသည်ကို တွေ့ရှိရသည်။

ရွှေထွက်သည်ဟု ဒေသခံများ ယူဆထားသည့် တောင်စောင်းသို့ရောက်ရန် တောင်ခြေမှ မိနစ် ၃၀ ခန့် ခြေလျင်တက်ရပြီး အနက် ၁၂ တောင်မှ ၁၅ တောင်အထိ တူးကာ ရွှေစများပါဝင်သည့်မြေနှင့် ကျောက်ခဲ များကိုယူ၍ ရွာများတွင် ပြန်လည်ကျင်ယူကြခြင်း ဖြစ်သည်။

“မသိဘူး၊ ကံပါရင် ရွှေပါမှာပေါ့။ သူများတူးလို့ ကိုယ်လိုက်တူးတာ။ တူးတဲ့သူတွေ အများကြီးပဲ။ ဘယ် လောက်ရမလဲ ခုစက်ခွဲပြီး သွားကြည့်မှသိရမှာပဲ။ တူးလာတာပဲ” ဟု ရွှေတူးဖော်လာသူ ဦးကြည်က ပြော သည်။

အဆိုပါရွှေများ ပါဝင်သည့်ကျောက်များကို ကြိတ်ခွဲသည့် အရောင်းအ၀ယ်ဒိုင်များ ကျည်တောင်ကျေးရွာတွင် စည်ကားလျက်ရှိပြီး ဒိုင်တစ်ဒိုင်လျှင် တစ်ရက် အယောက် ၄၀ နီးပါးအထိ ခွဲကြိတ်ပေးရသည်ဟုဆိုသည်။ ကျောက်များခွဲကြိတ်ရာတွင် ရွှေပါရှိပါက ဆာလာအိတ်တစ်ပိုင်းလျှင် ခွဲကြိတ်ခ တစ်ထောင်ကျပ်ပေးရပြီး ရွှေမပါရှိပါက အခကြေးငွေမယူဘဲ အခမဲ့ ကြိတ်ခွဲပေးသည်ဟု ခွဲစက်ပိုင်ရှင်ကပြောသည်။

“တချို့လည်း ရွှေမပါဘူး၊ တအားပါတဲ့သူတော့ မရှိသလောက်ပဲ။ တစ်ယောက်မှာ တစ်သောင်းခွဲဖိုး နှစ် သောင်းဖိုး များပါတယ်။ တစ်ရက်ကို တစ်ကျပ်သားလောက်ပဲ ၀ယ်ရပါတယ်။ ကျပ် ၄၄၀,၀၀၀ နဲ့ဝယ်တာ” ဟု ကျောက်ခွဲစက်ပိုင်ရှင် ဦးသန်းကျော်မြင့် က ပြောသည်။

တောင်စောင်းတောင်ထိပ်၌ ရွှေစတင်ထွက်ရှိသည်ကို ဒေသခံတစ်ဦးက စက်တင်ဘာ ၂၁ တွင် သတိပြုမိကာ သွားရောက်တူးဖေါ်ရာမှ ဒေသခံများလည်း သွားရောက်တူးဖော်ကြပြီး တူးဖော်သူ ၁,၀၀၀ နီးပါးရှိ သည်ဟု ဆိုသည်။

အဆိုပါတောင်ကို အချိန်ပြည့် ပိတ်ပင်ထားသော်လည်း ဒေသခံများကမူ သွားရောက်တူးဖော်ကြဦးမည်ဟု ဆိုသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်းနှင့် ရွှေသွားရောက်တူးဖော်ခြင်းမပြုရန် အသံချဲ့စက်များဖြင့် ကျည်တောင် ကျေးရွာတွင်း လိုက်လံကြေညာနေသည်ကိုလည်း မဇ္ဈိမက ကြားသိခဲ့ရသည်။

ရွှေထွက်ရှိသည့် တောင်စောင်း တောင်ထိပ်သည် နေပြည်တော်ကောင်စီ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၏ နယ်နိမိတ်တွင် ပါဝင်သည်။ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြို့နယ်လည်းဖြစ်သည်။

No comments: