Tuesday, September 30, 2014

မိကျောင်းကန် သပိတ်စခန်းပိတ်ရန် အမိန့်ထုတ်သော်လည်း မပိတ်ဟု ဆန္ဒပြသူများ ငြင်းဆန်

ကေဇူး

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံအနီးတွင် ခြောက်လကျော်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သည့် မိကျောင်းကန် သပိတ်စခန်းကို အောက်တိုဘာ ၃ ရက်တွင် အပြီးသတ်ဖယ်ရှားပေးရန် အစိုး ရက စက်တင်ဘာ ၂၉ ရက်က စာထုတ်လိုက်သော်လည်း ဆန္ဒပြသူတို့က ပိတ်သိမ်းမည်မဟုတ်ဟု ပြောသည်။

စက်တင်ဘာ ၂၉ ရက်က ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ စည်ပင်သာယာရေးအဖွဲ့ဝင် လေးဦးခန့်က လာရောက်၍ သပိတ်စခန်း ဖယ်ရှားပေးရန် အကြောင်းကြားစာ ကပ်သွားသည်ဟု သပိတ် ဒုတိယ ခေါင်းဆောင် ကိုမောင်မောင်က ပြောသည်။

“ကျွန်တော်တို့ ဖယ်မှာလည်းမဟုတ်ပါဘူး။ အားလုံး အသေခံဖို့ထိ ရည်ရွယ်ပြီး သရဏဂုံတင်ပြီးသား” ဟု ပြောသည်။

အဆိုပါ သပိတ်စခန်းအတွင်း နေထိုင်သူ မသန္တာမြင့်က “ကျွန်မတို့က ဥပဒေကို လေးစားတယ်။ ဥပဒေက လည်း ကျွန်မတို့ကို ကာကွယ်မယ်လို့ မျှော်လင့်တယ်။ ပြည်သူကို အကြမ်းမဖက်ပါနဲ့လို့ပဲ ပြောချင်တယ်” ဟု ဆိုသည်။

သပိတ်စခန်းဖယ်ရှားရေး အကြောင်းကြားစာတွင် ကျောက်တံတားမြို့နယ် အမှတ်(၂)ရပ်ကွက် လူသွား စင်္ကြံပါ်၌ ယာယီအမိုးအကာများပြုလုပ်၍ နေ့ညမပြတ် နေထိုင်အသုံးပြုနေသည်ကို တွေ့ရပြီး မြို့တော်စည်ပင်၏ တည်ဆဲဥပဒေ ချိုးဖောက်သည်ဟု ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေယာများကို စစ်တပ်က သိမ်းဆည်းထားခြင်းကြောင့် ဒေသခံများက ပြန်လည်ပေးအပ်ရန် လွန်ခဲ့သော ခြောက်လကျော်ခန့်က တည်းက သပိတ်စခန်းဖွင့်လှစ်၍ တောင်းဆိုနေခြင်း ဖြစ်သည်။

No comments: