Tuesday, September 30, 2014

၂၀၁၅ ရွေးကောက်ပွဲအတွက် ဗဟို အောင်နိုင်ရေးအဖွဲ့ အင်န်အယ်လ်ဒီပါတီ ဖွဲ့စည်း

ဟိန်းကိုစိုး

တစ်နှစ်ကျော်ကြာအောင် အနည်းဆုံးစောင့်ရဦးမည်ဖြစ်သော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီက စက်တင်ဘာလ ၂၁ တွင် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ဥက္ကဋ္ဌများအပြင် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပုဂိ္ဂုလ်များဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ပါတီဗဟိုအလုပ်မှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

“ဗဟိုအောင်နိုင်ရေး အဖွဲ့ဝင်အဖြစ် ၁၇ ဦးနဲ့ ဖွဲ့ထားတယ်။ အောက်တိုဘာ လဆန်းမှာလုပ်မယ့် အစည်းအဝေးကျရင် ထပ်ထည့်မယ့်သူရှိရင်ထည့်ပြီးရင် အတည်ပြုပြီး ထုတ်ပြန်နိုင်ပါတယ်” ဟု ပြောသည်။

အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လပေါင်းများစွာ ကြိုတင်ပြီး ပါတီများဆောင်ရွက်ခြင်းမှာ တည်ဆဲ ဥပဒေများကို ကျော်လွန်ခြင်းမရှိဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။

“ပါတီတွေအောင်နိုင်ရေး ကော်မတီ ဖွဲ့တာကို ဘယ်လိုဥပဒေနဲ့မှ တားလို့မရဘူး။ တားတဲ့ဥပဒေလည်း မရှိ ပါဘူး။ ပါတီတွေရဲ့ အတွင်းရေးသာဖြစ်ပါတယ်။ ဘယ်အချိန်တော့ဖွဲ့ပါ၊ ဘယ်အချိန်တော့ မဖွဲ့ပါနဲ့ဆိုတာ မရှိပါဘူး” ဟု ဖြေကြားခဲ့သည်။

အင်န်အယ်လ်ဒီပါတီ ဗဟိုအောင်နိုင်ရေး အဖွဲ့ဖွဲ့စည်းခြင်း အတည်ပြုထုတ်ပြန် ပြီးသည်နှင့် တစ်ပြိုင်နက် ခရိုင်နှင့်မြို့နယ်များတွင်လည်း အောင်နိုင်ရေးအဖွဲ့များ အဆင့်ဆင့် ဖွဲ့စည်းမည်ဟု ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ အင်န်အယ်လ်ဒီပြင်ဆင်သကဲ့သို့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကလည်း ၂၀၁၃ ပါတီညီလာခံ ပြီးချိန်မှစပြီး အောင်နိုင်ရေး မဟာဗျူဟာများ ချမှတ်ကာ ပါတီ များအပေါ် ထောက်ခံမှု စစ်တမ်းများ ကောက်ယူခြင်း၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် များဖြင့် ပါတီစည်းရုံးရေးကို လုပ်ဆောင်ခဲ့သည်။

“ပြည်ခိုင်ဖြိုးအနေနဲ့တော့ ပါတီအောင် နိုင်ရေးအတွက် အမြဲလှုပ်ရှား ပြင်ဆင်နေတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ဆိုသည်။ “၂၀၁၅ မှာ ပြည်ခိုင်ဖြိုးက အစိုးရဖွဲ့နိုင်တဲ့အထိ နိုင်အောင်လုပ် မယ်၊ သမ္မတဖြစ်မယ်။ ဒါပေမဲ့ ဘယ်ပါတီမှတော့ ပြည်လုံးကျွတ် နိုင်နိုင်မှာမဟုတ်ပါဘူး။”

နိုင်ငံတကာတွင် နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နှစ်နှစ်ခန့် အချိန်ယူကြိုတင် ပြင်ဆင်ကြပြီး၊ ရွေးကောက်ပွဲ နိုင်ရှုံးခန့်မှန်းချက်နှင့် ရွေးကောက်ပွဲစီမံချက် ရေးဆွဲခြင်း၊ စည်းရုံး မဲဆွယ် ခြင်းနှင့် သင်တန်းပေးခြင်းတို့ဖြင့် ဆောင်ရွက်သည်ဟု ဦးကိုနီက ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၄၅ နေရာတွင် ၄၃ နေရာအထိ အနိုင်ရရှိထားသည့် ပါတီတစ်ခုဖြစ်ပြီး ပြည်ခိုင်ဖြိုးကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးဖြင့် နိုင်ထားသည့်ပါတီဖြစ်သည်

No comments: