Sunday, September 28, 2014

ကားလ်စ်ဘာ့ဂ်ဘီယာမှ အမှတ်တံဆိပ် သုံးမျိုးဖြင့် ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ရောင်းချမည်

ထင်လင်းအောင်

ကားလ်စ်ဘာ့ဂ် (Carlsberg) ဘီယာ၏ ပြည်တွင်း ထုတ်လုပ်ဖြန့်ချိမှုကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှသာ ဆောင်ရွက်နိုင်တော့မည်ဖြစ်သော်လည်း ဘီယာအမှတ်တံဆိပ်သုံးမျိုးကို ဖြန့်ချီသွားမည်ဖြစ်သည်ဟု Carlsberg ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းထားသည့် Myanmar Golden Star MGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်း ထွန်းက စက်တင်ဘာ ၂၆ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောသည်။

ထိုသို့ ပြည်တွင်းထုတ်လုပ်မှု စတင်ချိန်တွင် ကားလ်စ်ဘာ့ဂ်(Carlsberg)၊ ရိုးမ (Yoma)နှင့် တူဘော့ဂ် (Tuborg) စသည့် အမှတ်တံဆိပ်သုံးမျိုးကို ဖြန့်ချိသွားမည် ဖြစ်ပြီး ယင်းအနက် ရိုးမနှင့် တူဘော့ဂ်အမှတ် တံဆိပ်ကို စည်ဘီယာအဖြစ်ပါ ထုတ်လုပ်သွားမည်ဟု ၎င်းက ပြောသည်။

“ဈေးကွက်ထဲ တကယ်ဖြန့်တာကို ဒီဇင်ဘာလလောက်မှ လုပ်နိုင်တော့မယ်” ဟု ၎င်းကပြောသည်။

ပြည်တွင်းထုတ်လုပ်မှုကို အောက်တိုဘာလ၌ စတင်နိုင်မည်ဟု ယခင်ကပြောထားသော်လည်း ဘီယာ အမှတ်တံဆိပ်သုံးမျိုးကို ထုတ်လုပ်ရန် စီစဉ်လိုက်ခြင်းများကြောင့် အချိန်အနည်းငယ်နောက်ဆုတ်သွားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဦးသိန်းထွန်းက “ဈေးကွက်ထဲကိုတော့ ပုလင်း၊ သံဘူးတွေအနေနဲ့ စပြီးဖြန့်သွားမှာ ဖြစ်ပေမယ့် စည်ဘီယာ အဆင့်အထိ လုပ်သွားမှာပါ။ ဒါကိုလည်း သိပ်မကြာမီမှာ စပြီးထုတ်လုပ်သွားနိုင်အောင် လုပ်နေပါတယ်” ဟု ပြောသည်။

ပြည်တွင်းသောက်သုံးမှုနှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်နိုင်မှုပမာဏသည် လျော့နည်းနေသဖြင့် ပြည်တွင်း ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်ကာ ပြည်ပတင်သွင်းနေရခြင်းကို လျှော့ချသွားရန် လိုအပ်သည်ဟု ဦးသိန်း ထွန်းက မဇ္ဈိမကို ပြောထားသည်။

ထို့အတူ ပြည်တွင်းလိုအပ်ချက်ကြောင့် ပြည်ပမှတင်သွင်းနေရသည့် ဘီယာမှောင်ခို ဈေးကွက်ရှိနေပြီး ယင်းကို ထိန်းချုပ်ဟန့်တားနိုင်ရန် ပြည်တွင်း၌ ဘီယာချက် စက်ရုံများကို ထပ်မံခွင့်ပြုသွားရန်ရှိကာ ဘီယာ စက်ရုံရင်းနှီးမြှုပ်နှံသူကို အခြားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဲ့သို့ အခွန်အခဆိုင်ရာ လျှော့ပေါ့ပေးခြင်း မပြုဘဲ ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးက ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာဘရူဝါရီကုမ္ပဏီက ထုတ်လုပ်သော မြန်မာဘီယာမှာ ဈေးကွက်ထိပ်သီးနေရာ၌ ရှိနေ ကာ နှစ်စဉ်တိုးမြှင့် ထုတ်လုပ်နေရသည်ဟု ကုမ္ပဏီ၏ အရောင်း ညွှန်ကြားရေးမှူး ဒေါ်မြစိမ်းရီက ပြော သည်။

ဟိုင်နီကန်ဘီယာကလည်း မြန်မာနိုင်ငံ ဈေးကွက်သို့ ဝင်ရောက်လာပြီး ၂၀၁၅ ခုနှစ်တွင် ထုတ်လုပ်မှု စတင်မည် ဖြစ်သည်။

No comments: