Monday, September 29, 2014

ဦးတေဇ ကိုယ်ရေးအရာရှိ စီးသွားသည့် လေယာဉ်ပျောက်ဆုံးနေ၊ သမ္မတရုံးကို အကြောင်းကြားထား

ကျော်စွာဝင်း

ပျောက်ဆုံးနေသော ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေရေး လုပ်ဆောင်နေစဉ် ရဟတ်ယာဉ်တစ်စီး ပျောက်ဆုံးသွားသည်မှာ ၁၉ နာရီကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ အဆက်အသွယ်မရသေးဟု ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို စက်တင်ဘာ ၂၈ ရက် မနက်က ပြောသည်။

အဆိုပါ ပျောက်ဆုံးနေသည့်ရဟတ်ယာဉ်မှာ ထိုင်းနိုင်ငံမှ Aviation မှ B4 ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး လေယာဉ်ပေါ်တွင် ဦးတေဇ၏ ကိုယ်ရေးလက်ထောက်အပါအဝင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal၊ မြန်မာလူမျိုးရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်၏ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ လိုက်ပါသွားသည်။

“ကျွန်တော်တို့ မနေ့က ၂ နာရီ ၂၀ ကနေပြီးတော့ ၂ နာရီ ၄၀ နောင်မွန်းနားအရောက်မှာ နောက်ဆုံးအဆက် အသွယ် ရခဲ့ပါတယ်။ နောက်အဆက်အသွယ်ပြတ်သွားပါတယ်။ လက်ရှိအချိန်မှာတော့ သက်ဆိုင်ရာဝန်ကြီး ဌာန၊ နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေးဦးစီးဌာနရုံးတွေကိုအကြောင်းကြားထားပါတယ်။လိုအပ်လာရင် နိုင်ငံ တကာက ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေကိုထပ်ခေါ်ပြီးတော့ လုပ်ဆောင်မှာပါ။ မနေ့ညကနေရှာတယ်။ ဒီနေ့မနက်လည်းရှာဖွေမှုတွေလုပ်နေတယ်” ဟု ဦးဖြိုးကိုကိုသက်က ဆိုသည်။

ပျောက်ဆုံးနေသော ရဟတ်ယာဉ်သည် ပူတာအိုလေဆိပ်မှ စက်တင်ဘာ (၂၇) ရက်၊ မွန်းလွဲ နေ့လည် ၂ နာရီ၊ ၂၀ မိနစ် တွင် ပျံသန်းထွက်ခွာသွားပြီး မိနစ် ၂၀ ခန့် အကြာတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး ယခုအချိန်ထိ အဆက်အသွယ်မရသေးခြင်းဖြစ်သည်။

No comments: