Monday, September 29, 2014

ဝန်ကြီး စိုင်းအိုက်ပေါင်းအမိန့်ဖြင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ သတ္တု တူးဖော်မှုရပ်ဆိုင်းထား

သျှမ်းသံတော်ဆင့်၊ စိုင်းတိုင်း

သျှမ်းမြောက် နမ့်ခမ်းမြို့နယ်အတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများအားလုံး သျှမ်းပြည်နယ် သတ္တု ဝန်ကြီး စိုင်းအိုက်ပေါင်း၏ အမိန့်ဖြင့် ရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၉ ရက်က သျှမ်းပြည်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း နမ့်ခမ်းမြို့သို့ ရောက်ရှိပြီး သတ္တုတူးဖော်မှု လုပ်ငန်းအားလုံးရပ်ဆိုင်းထားရန် မြို့နယ်ထွေအုပ်ရုံး၌ နှုတ်မိန့်ဖြင့်ပြောဆိုခဲ့ကြောင်း မြို့နယ်အုပ်ချုပ် အထောက်အကူပြုအဖွဲ့ ဥက္ကဌ ဦးစိုင်းဆိုင်သျှဲန်ဝမ်း ကဆိုသည်။

“သတ္တုဝန်ကြီးက သတ္တုထုတ်လုပ်ခွင့် သယ်ဆောင်ခွင့် လုပ်ငန်းအားလုံး ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့တယ်၊ အမိန့် မထုတ်ခင် စက်တင်ဘာလ ၅ ရက်နေ့မှာလည်း ကျနော်တို့ဒေသခံများစုပေါင်းပြီး သတ္တုတူး ဖော်ရေးလုပ်ငန်း ရပ်တန့်ရေး ဆန္ဒထုတ်ဖော်ခဲ့သေးတယ် ၊ ဆန္ဒထုတ်ဖော်တဲ့နေ့မှာလဲ အုပ်ချုပ်ရေး မှူးက ၂၀၀၄ သြဂတ်စ်လ ၃၁ ရက်စွဲနဲ့ သတ္တုတူးဖော်မှုများယာယီရပ်ဆိုင်းဖို့ ကြေငြာချက်တစ်စောင် ထုတ်ခဲ့သေးတယ်” ဟု ၄င်းက ပြော သည်။

နမ့်ခမ်းမြို့နယ် အတွင်းတွင် သတ္တုတူးဖော်ရေးပါမစ်ရ ကုမ္ပဏီများနှင့် ပါမစ်မရသည့် သတ္တုတူး ဖော်ရေး ကုမ္ပဏီ များ ရှိနေကြောင်း ၊ ကုမ္ပဏီ တချို့ ၂၀၂၁ ခုနှစ်အထိ သတ္တုတူးဖော်ခွင့် ပါမစ်ရရှိ ထားကြ ကြောင်း နမ့်ခမ်းမြို့ နယ် အုပ်ချုပ်ရေးအထောက်အကူပြုအဖွဲ့ဝင်နှင့် ကျားခေါင်းပါတီ အလုပ်အမှုဆောင် ဦးစိုင်းအောင်ဝင်း ကဆို သည်။

“ဒေသခံပြည်သူများရဲ့ ဆန္ဒသဘောထားမပါဘဲ သတ္တုတူးဖော်ရေး လုပ်ငန်းကိုဘယ်တော့မှ လုပ်ကိုင်ခွင့် မပြု ဘူးလို့ သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ထွေအုပ်ရုံးအစည်းအဝေးမှာပြောတယ်” ဟု ၄င်းက သျှမ်းသံတော် ဆင့် အားပြောသည်။

ယနေ့ထိ နမ့်ခမ်းမြို့နယ်အတွင်းရှိသတ္တုတူးဖော်မှုလုပ်ငန်းအားလုံးရပ်ဆိုင်း ထားသည်ကိုတွေ့ရ ကြောင်း သို့သော် သတ္တုတူးဖော်ရေးကုမ္ပဏီသုံး ကားငယ်များ သွားလာနေဆဲဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်မှုးတစ် ဦး ကဆိုသည်။

နမ့်ခမ်းမြို့နယ်အတွင်း၌ သတ္တုတူးဖော်နေသော ကုမ္ပဏီကြီး များမှာ GSM ၊ ငွေကမ္ဘာကျော်၊ စွမ်ငင်း ခမ်း၊ နှစ်သစ် အာရှ၊ မြန်မာ့မြှားဦးနှင့် စိန်ပဒေသာ တို့ဖြစ်ကြကြောင်း ဒေသခံများထံမှသိရသည်။

No comments: