Tuesday, September 30, 2014

တရားဥပဒေစိုးမိုးရေးကော်မတီသို့ တိုင်ကြားစာ ၇၀၀၀ ကျော်အနက် ထက်ဝက်ကျော်မှာ တရားစီရင်ရေးနှင့် သက်ဆိုင်ဟု အစီရင်ခံစာဖော်ပြ

ဝင်းကိုကိုလတ်

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ တိုင်ကြားစာပေါင်း ၇၂၇၀ အနက် ထက်ဝက်ကျော်ဖြစ်သည့် ၃၅၀၀မှာ တရားစီရင်ရေးနှင့် သက်ဆိုသည့် တိုင်ကြားစာများဖြစ်သည်ဟု အဆိုပါကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၅ ဦးပါ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက စက်တင်ဘာ ၂၉ ရက်က ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့ရာတွင် အထက်ပါအတိုင်းဖော်ပြထားခြင်း ဖြစ်သည်။

ကော်မတီသို့ တစ်နှစ်တာအတွင်း တိုင်ကြားစာပေါင်း ၇၂၇၀ အနက် တရားစီရင်ရေး ၃၅၀၀ စောင်၊ လယ်ယာမြေ ၂၅၀၀ စောင်၊ အုပ်ချုပ်ရေး ၁၁၇၀ စောင်၊ တပ်မတော် အစောင် ၁၀၀ တို့ဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းတိုင်ကြားစာများအား သက်ဆိုင်ရာ လွှတ်တော်ကော်မတီနှင့် ကော်မရှင်များ အဖွဲ့အစည်းများသို့ ပေးပို့ဆောင်ရွက်လျက်ရှိသည်ဟု ဆက်လက်ဖော်ပြထားသည်။

"အထူးသဖြင့် တရားရုံးများစောင့်ကြည့်လေ့လာရေး၊ လွတ်လပ်သည့်အဖွဲ့ အစည်းများရှိသင့်ကြောင်း အလေးအနက်အကြံပြုပါသည်’’ ဟု အကြံပြုထားသည်။

ပြည်သူ့လွှတ်တော်က ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် အာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအားလုံးနှင့် သက်ဆိုင်ပြီးနှစ်ပတ်လည် အစီရင်ခံစာကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လကလည်း တင်သွင်းခဲ့သေးသည်။

No comments: