Monday, September 29, 2014

လိုင်စင်မဲ့ ဆိုင်ကယ်တွေ့ရှိက တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းပေးပြီး လိုင်စင်လုပ်ရမည်

ဖြိုး

လိုင်စင်မဲ့ ဆိုင်ကယ်များ မောင်းနှင်အသုံးပြုမှုကို ဖမ်းဆီးစစ်ဆေး၍ ဆိုင်ကယ်၏ ကာလတန်ဖိုး ၅၀ ရာခိုင် နှုန်းကို ဒဏ်ကြေးပေးသွင်း၍ လိုင်စင်ပြုလုပ်စေမည့် အစီအစဉ်ကို စက်တင်ဘာ၂၄ ရက်မှ စတင်ဆောင် ရွက်လျက်ရှိသည်ဟု မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

စစ်ဆေးတွေ့ရှိပါက ဆိုင်ကယ် အမျိုးအစားပေါ်မူတည်၍ ကာလတန်ဖိုးဖြတ်မည်ဖြစ်ပြီး အဆိုပါတန်ဖိုး၏ ငါးဆယ်ရာ ခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်စေကာ နောက်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ကနဦးယာဉ်မှတ်ပုံ တင်ပြုလုပ်ရန် သတ်မှတ်ထားသည်ဟု ဆိုသည်။

ဒဏ်ကြေး ပေးဆောင်ခြင်းမရှိသည့် ယာဉ်များကို ပို့ကုန်/သွင်းကုန် ဥပဒေအရ သက်ဆိုင်ရာတရားရုံး၌ တရားစွဲဆို အရေးယူသွားမည်ဖြစ်သည်။ ဒဏ်ကြေး ပေးဆောင်ခြင်းမရှိသည့် လိုင်စင်မဲ့ယာဉ်ကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း ၎င်းဌာနမှ တာဝန်ရှိ အကြီးအကဲတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆေးအရေးယူမှုသည် ပြည်ထောင်စု အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လိုင်စင်မဲ့ဆိုင်ကယ်များကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာပူး ပေါင်းအဖွဲ့များဖြင့် ကော်မတီဖွဲ့၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆိုင်ကယ်၏ ကာလတန်ဖိုးဖြတ်ရန် အကောက်ခွန် ဦးစီးဌာနလည်း ထည့်သွင်းဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ထို့အပြင် စစ်ဆေးပြီးဒဏ်ကြေး ဆောင်စေကာ ကနဦးလိုင်စင်ပြုလုပ်မည့် ဆိုင်ကယ်များ၏ ဖောင်းကြွနံပါတ်များကို (မတလ) အဖြစ် ထုတ်ပေးမည်ဖြစ်ကြောင်း ကနဦး သိရှိရသည်။

လိုင်စင်မဲ့ဆိုင်ကယ်များကို နဝမအကြိမ် တစ်ကြိမ်အပြီး ဆောင်ရွက်ပေးသွင်း (One Stop Service) စီမံချက်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီမှ ဇူလိုင်လအထိ ရုံးဖွင့်ရက် ၉၀ အတွင်း အစီးရေရှစ်သောင်းကျော်ကို လိုင်စင်ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း မန္တလေးတိုင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရသည်။

No comments: