Tuesday, September 30, 2014

ပျောက်ဆုံး ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးနှင့် ရဟတ်ယာဉ်ရှာဖွေရာတွင် တရုတ် ကယ်ဆယ်ရေးအဖွဲ့ကူညီ

ကျော်စွာဝင်း

ပျောက်ဆုံးခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးနှင့် ကယ်ဆယ်ရေး ရဟတ်ယာဉ်ကို ရှာဖွေရာတွင် ကူညီရန် တရုတ်နာမည်ကြီး အရပ်သား ကယ်ဆယ်ရေးအဖွဲ့က ၁၇ ဦး စက်တင်ဘာလ ၂၉ ရက်တွင် ထပ်မံရောက်ရှိပြီဟု ထူးဖောင်ဒေးရှင်း ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို ပြောသည်။

"လောလောဆယ်မှာ သူတို့မှာပါလာတဲ့ ပစ္စည်းကိရိယာတွေက ရဟတ်ယာဉ်ပျောက်တာ ရှာတဲ့နေရာမှာ တော်တော် အသုံးဝင်တဲ့ ပစ္စည်းတွေပါလာပါတယ်" ဟု ထူးဖောင်ဒေးရှင်း၏ တာဝန်ရှိသူ ဦးဘိုထွန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ Blue Sky အဖွဲ့သည် တရုတ်-မြန်မာ ချစ်ကြည်ရေး အစီအစဉ်ဖြင့် လာရောက်ခြင်းဖြစ်ပြီး ပျောက်ဆုံး တောင်တက်သမားနှစ်ဦး အပြင် အဆက်အသွယ်ပြတ်တောက်နေသည့် ထိုင်းနိုင်ငံ ကယ်ဆယ်ရေး B4 ရဟတ်ယာဉ်ကိုလည်း ထပ်မံရှာဖွေမည်ဖြစ်သည်။

တရုတ်နိုင်ငံမှ နာမည်ကြီး အရပ်သား ကယ်ဆယ်ရေး (BSR) အဖွဲ့မှ နည်းပညာရှင် ၂ ဦးသည် စက်တင်ဘာ ၂၈ ရက် ညပိုင်းက ရန်ကုန်သို့ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၂၉ ရက် နံနက်တွင် ပူတာအိုသို့ ရောက်ရှိခဲ့သည်။

ခါကာဘိုရာဇီတောင်ထိပ်တွင် ပျောက်ဆုံးခဲ့သည့် သဘာဝခေါ် သံဖောင်ဒေးရှင်းမှ တောင်တက်သမားနှစ်ဦးအား ထူးဖောင်ဒေးရှင်းက မြေပြင်ခြေလျှင်ရှာဖွေရေးအဖွဲ့နှင့် ပူးပေါင်းရှာဖွေရန် တိဗက်ဘက်အခြမ်းမှ တက်ရောက်လာသည့် Blue Sky တောင်တက်သမားများသည် စက်တင်ဘာ ၂၈ ရက်တွင် ပေ ၁၃၂၀၀ ရှိ Base Camp သို့ ရောက်ရှိခဲ့သည်။

ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က "တရုတ် Blue Sky အဖွဲ့က နောက်ထပ် ကယ်ဆယ်ရေး တောင်တက်သမား ၁၇ ဦး ထပ်ရောက်ဦး စက်တင်ဘာ ၂၉ ရက် ညပိုင်းမှာရောက်မှာပါ" ဟု ဆိုသည်။

ခါကာဘိုရာဇီတောင်ပေါ်သို့ သဘာဝခေါ် သံဖောင်ဒေးရှင်း အထောက်အပံ့ဖြင့် တက်ရောက်ခဲ့သည့် ကိုဝေယံမင်းသူနှင့် ကိုအောင်မြင့်မြတ်တို့နှစ်ဦး သြဂုတ်လ ၃၁ ရက်က တောင်ထိပ်သို့ရောက်ရှိကာ မြန်မာနိုင်ငံအလံစိုက်ထူပြီးနောက်အဆက်အသွယ်ပြတ် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ ထိုပျောက်ဆုံး တောင်တက်သမားနှစ်ဦးကို ရှာဖွေသည့် ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်မှာ မြေပြင်ရှာဖွေရေးအဖွဲ့ထံ ရိက္ခာပို့ရန် သွားရောက်စဉ် စက်တင်ဘာ ၂၇ ရက်က ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

No comments: