Tuesday, September 30, 2014

ဝံလက်ဖေါင်ဒေးရှင်း စစ်တွေတွင် မီဒီယာ သင်တန်းပေး

စံမောင်သန်း

ရခိုင်ပြည်နယ်ထဲမှ သတင်းသမားများ ပေါ်ထွက်လာရေး ရည်ရွယ်ချက်ဖြင့် ပဋိပက္ခဂရုပြု နားလည်စွာ သတင်းရေးသားခြင်း၊ အခြေခံသတင်းပညာ သင်တန်းတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံ ရပ်ကွက်ရှိ ၈၈-မျိုးဆက်လူမှုကွန်ယက် ရုံးခန်း၌ ၀ံလက်ဖေါင်ဒေးရှင်းက ပြုလုပ်လျှက်ရှိသည်။

ယင်းသင်တန်းကို Internews မှ အကူအညီဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး ယင်းအဖွဲ့မှ သတင်းစာဆရာမ နှစ်ယောက်က လာရောက် သင်ကြားပို့ချနေသည်ဟု သိရသည်။

ယင်းသင်တန်းအား စက်တင်ဘာလ ၂၂-ရက်နေ့မှ ၂၈-ရက်နေ့ထိ တပတ်ကြာ သင်ကြား သွားမည် ဖြစ်သည်ဟု ဆိုသည်။ သင်တန်းတွင် သား ၁၅-ယောက်၊ သင်တန်းသူ ၇-ယောက် စုစုပေါင်း ၂၂ ယောက် တက်ရောက်နေသည်ဟု ၀န်လက်ဖေါင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံက ရှင်းလင်း ပြောကြားသည်။

ယခုသင်တန်းသည် ၀ံလက်ဖေါင်ဒေးရှင်းမှပြုလုပ်သည့် သတင်းအခြေခံရေးသားနည်း ဒုတိယ အကြိမ်မြောက် သင်တန်းဖြစ်ပြီး ရခိုင်ပြည်တွင်ဖြစ်ပွားလျှက်ရှိသော သတင်းများနှင့်ပတ်သက်၍ သတင်းမှန်များကို နိုင်ငံတကာသို့သော်၎င်း၊ ပြည်တွင်းရှိဂျာနယ်တို့သို့ ရောက်ရှိနိုင်စေရန်အတွက် ပြည်သူ့သတင်းသမား များများမွေးထုတ်ပေးရန် လိုအပ်သည်ဟု ထင်မြင်ချက်အပေါ်မူတည်၍ ယခုသင်တန်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ခိုင်ကောင်းစံက ပြောကြားသည်။

“ ရခိုင်ဒေသဟာ နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ အဲဒီအထဲမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနဲ့ ၂၀၁၂-ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဆိုင်ရာ အကြောင်းအရာတွေ အပေါ်မှာ နိုင်ငံတကာမှ စိတ်ဝင်စားမှုရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တာတွေ၊ လူအခွင့်အရေး ချိုးဖေါက်မှုတွေ၊ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေ၊ သဘာဝပတ်ဝန်းကျင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေ၊ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေ၊ ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ အကျိုးသက်ရောက်မှုတွေနဲ့ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေရဲ့အခြေအနေအပေါ်မှာ သတင်းမှန်တွေကို နိုင်ငံတကာနဲ့ ပြည်တွင်းဂျာနယ်တွေကို ပို့ပေးနိုင်စေဖို့ ပြည်သူ့သတင်းသမားတွေ သိပ်လိုအပ်နေပါတယ်။ ဒါကြောင့် ဒီသင်တန်းကို ပြုလုပ်ရတာပါ”ဟု သူက ထပ်လောင်း ပြောကြားသည်။

ယခု သတင်းသင်တန်းသို့ တက်ရောက်နေကြသများမှာ ကျောက်ဖြူ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ စစ်တွေမြို့နှင့် ပလက်ဝမြို့နယ်တို့မှ ဖြစ်ကြသည်။

“အယမ်းပဲဝမ်းသာပါတယ်။ ပလက်ဝမြို့နယ်ကဆိုရင် နှစ်ယောက်ပဲ ခေါ်လို့ရတယ်။ ဒီဟာက ပထမအကြိမ် အခြေခံသင်တန်းဆိုတော့ သတင်းတွေကို စနစ်တကျရေးသားနိုင်မယ်လို့ မယုံကြည်သေးပါဘူး။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ အင်တာနတ်ဆက်သွယ်ရေး မကောင်းဘူးလေ။ ကျွန်တော့်အနေနဲ့ ရရှိထားတဲ့ သတင်းအချက်အလက်တွေကို သတင်းထောက်တွေကို အထောက်အကူပြုနိုင်အောင် ပေးပို့သွားပါမယ်”ဟု ချင်းအမျိုးသား ဆလိုင်းတွန်းသားက ပြောသည်။

ပလက်ဝက်မှ တက်ရောက်သူသုံးယောက်ထဲတွင် ချင်းတစ်ယောက်၊ ခမီတစ်ယောက်နှင့် ရခိုင်တစ်ယောက် ပါဝင်ကြောင်းလည်း သိရသည်။

ယခုသင်တန်းပြီးလျှင် ယခုနှစ် ဒီဇင်ဘာလလောက်တွင် နောက်ထပ်မွန်းမံသင်တန်းတစ်ခုကို ပြုလုပ်ဦးမည်ဟုလည်းသိရှိရသည်။ ယင်းမွန်းမံသင်တန်းသို့ ယခုသင်တန်းမှ သတင်းပညာကို စိတ်ဝင်စားသူ၊ သတင်းလုပ်ငန်းနှင့်ဆက်စပ်မှုရှိသူများကို ဦးစားပေးခေါ်ယူမည်ဖြစ်ပြီး၊ သတင်းဌာနတွင် လက်ရှိအလုပ်လုပ်နေသူများနှင့် သတင်းဌာနများတွင် ၀င်ရောက် လုပ်ကိုင် လိုသူများကိုလည်း တက်ရောက်ခွင့် ပြုမည်ဖြစ်သည်။

“ ရခိုင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့သတင်းတွေကို အပေါ်ကိုတင်ပြချင်ပါတယ်။ ပြည်သူတွေကို သိစေချင်ပါတယ်။ သတင်းတပုဒ်ရဲ့ အဓိပ္ပါယ်ဟာဘာလဲဆိုတာကို သိချင်တဲ့အတွက် ဒီသင်တန်းကို လာတက်တာပါ။ သတင်းတပုဒ်ဟာ ထင်မြင်ချက်လား၊ တကယ့်သတင်းလား ဆိုတာတွေကို ခွဲခြား တတ်အောင် ဆရာမတွေက သင်ပြပေးပါတယ်။ သတင်းသမားတစ်ယောက်ရဲ့ ကိုယ့်ကျင့်တရားနဲ့ ပတ်သက်ရင် ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာမှုတွေကို ရှောင်ရမည်၊ သတင်း အရင်းအမြစ်ရဲ့ လုံခြုံမှုကိုလည်းက ကိုယ်ကတာဝန်ယူရမယ် ဆိုတာလောက်ဘဲ နားလည် ထားပါတယ်ဟု” ပုဏ္ဍားကျွန်းမှ သင်တန်းသူ ဌေးဌေးဦးက ပြောသည်။

“ သင်တန်းပြီးသွားရင် သတင်းတွေကို ရေးသားနိုင်လိမ့်မည်လို့ ယုံကြည်ပါတယ်။ အယင်တုန်းက သတင်းတွေသိပ်ရေးချင်ခဲ့တာပါ။ ဆရာမတွေရဲ့သင်ပြမှုတွေကြောင့် မသိရတာတွေကို သိပ်သိလာရတဲ့ အတွက် အယင်နဲ့စာရင် သတင်းတွေကို ရေးသားနိုင်လိမ့်မည်လို့ ယုံကြည်ပါတယ်။ သတင်းသမားဖြစ်ချင်တဲ့စိတ် အပြည့်အ၀ရှိပါတယ်။ နောက်ထပ်သင်တန်းတွေကိုလည်း ထပ်ပြီးတော့ တက်ချင်ပါသေးတယ်”ဟု မြောက်ဦးမြို့နယ်မှ သင်တန်းသားတစ်ယောက်က ရှင်းပြပြောဆိုသည်။

သင်တန်းပြရာ၌ သင်တန်းသားများပြောသောစကားများကို သင်တန်းဆရာမများအနေဖြင့် အပြည့်အ၀ နားလည်ကြောင်း၊ သင်တန်းဆရာမများပြောသည်ကို လုံးစေ့ပတ်စေ့ နားမလည်နိုင်မည်ကိုသာ စိုးရိမ်ကြောင်း သင်တန်းဆရာမ အေးသီရိဝင်းက နိရဉ္စရာသို့ပြောသည်။

“အခုသင်တန်းက ဒေသခံသတင်းသမားတွေအတွက် ပထမဆုံးအကြိမ်ဖြစ်တယ်ရှင့်။ ရန်ကုန်မြို့က သတင်းစာတိုက်တွေမှာခေါ်ရင် သွားပြဖူးပါတယ်။ ရခိုင်ပြည်နယ်က သင်တန်းဆရာအဖြစ် နောက်ထပ်ဖိတ်မယ်ဆိုရင် လာပြပေးပါဦးမယ်ရှင့်”ဟု သင်တန်းဆရာမတစ်ဦးက ပြောသည်။

ဝံလက်ဖေါင်ဒေးရှင်းအနေဖြင့် သင်တင်းရေးသားနည်း အခြေခံသင်တန်းအပြင် လူငယ် အခြေပြု စွမ်းရည်မြှင့်သင်တန်း၊ လူထုအခြေပြု စွမ်းရည်မြှင့်သင်တန်း၊ လူ့အခွင့်အရေးသင်တန်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးသင်တန်း၊ အမျိုးသမီးရေးဆိုင်ရာ အခွင့်အရေးသင်တန်းများကို ပေးဖူးပြီဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်နှင့် ရခိုင်လူထုကို အကျိုးပြုနိုင်မည်ဆိုလျှင် ၀ံလက် ဖေါင်းဒေးရှင်း မူဘောင်နှင့် ကိုက်ညီမည်ဆိုပါက အစိုးရအပါအ၀င် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ဒါရိုက်တာခိုင်ကောင်းစံကပြောကြားသည်။

No comments: