Tuesday, September 30, 2014

ရေနံလုပ်ကွက်များကို တင်ဒါ ခေါ်ယူဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းသို့ ဝင်ရောက်လာသော ရင်းနှီးငွေကို မြင်သာစေ

ထင်လင်းအောင်

လက်ရှိအစိုးရ လက်ထက်တွင် ရေနံလုပ်ကွက်များ ချပေးရာ၌ တင်ဒါခေါ်ယူမှုရှိလာခြင်းက ရင်းနှီးမြှုပ်နှံသူများထံမှ စီးဝင်လာသော နိုင်ငံခြားဝင်ငွေများကို မြင်သာစေရန် အားကောင်းသည့် အချက်ဖြစ်လာသည်ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က မီဒီယာများကို ပြောသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု၌ နိုင်ငံတကာမှ ၀န်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရေး အရှိန်မြင့်လာစေရန် မြန်မာ့ရေနံနှင့် သဘာဓာတ်ငွေ့ ၂၀၁၄ ပြပွဲကို ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်း စင်တာတွင် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက် အထိ ကျင်းပသွားမည်ဖြစ်သည်။ စက်တင်ဘာ ၂၉ ရက်၌ အဆိုပါပြပွဲအတွက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ကျော်လှိုင်က ပြောခဲ့ခြင်းဖြစ်သည်။

“အရင်အစိုးရလက်ထက်ကတော့ ရေနံလုပ်ကွက်တွေ ချပေးတဲ့အခါမှာ ညှိနှိုင်းတဲ့ ပုံစံနဲ့ပဲ ပေးခဲ့တယ်။ အခုကျတော့ တင်ဒါခေါ်ယူပြီး ပေးလာပါတယ်။ လုပ်ကွက်တွေမှာ ရေနံရှာဖွေတဲ့အခါ ကုမ္ပဏီတစ်ခုဟာ ငါးနှစ်အတွင်း အနည်းဆုံး ဒေါ်လာ သန်း ၃၀ ကနေ ၁၀၀ အထိ အသုံးပြုတာဖြစ်တဲ့အတွက် စီးဝင်လာတဲ့ ဝင်ငွေတွေကို တွက်ကြည့်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအစိုးရသက်တမ်း လေးနှစ်ကာလအတွင်း ကုန်းတွင်းလုပ်ကွက် ၂၄ ကွက်နှင့် ကမ်းလွန်ရေနံလုပ် ကွက် ၃၀ ကို တင်ဒါ ခေါ်ယူမှုရှိခဲ့သည်။ ယင်းအနက် ကုန်းတွင်း နှင့် ကမ်းလွန် လုပ်ကွက်ပေါင်း ၄၄ ကွက် ကို လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်ရာ ရေနံရှာဖွေရေးတွင် သုံးစွဲမည့် ကုန်ကျစရိတ်ဖြင့် တွက်ဆကြည့်နိုင် သည့်အခွင့်အရေးဖြစ်လာသည်ဟု ၎င်းက ပြောသည်။

ရေနံလုပ်ကွက်အသစ် ၄၄ ကွက်ကို ငါးနှစ်အတွင်း ရှာဖွေရေးလုပ်ငန်းဆောင်ရွက်ရန် ချပေးထားခြင်းဖြစ် သည်။ သို့ဖြစ်ရာ လုပ်ကွက်တစ်ကွက်လျှင် သန်း ၃၀ နှုန်းဖြင့် တွက်မည်ဆိုပါက ငါးနှစ်အတွင်း အနည်းဆုံး ကန်ဒေါ်လာ ၁,၄၅၂ သန်းမှ သန်း ၄,၄၀၀ အကြား ရေနံရှာဖွေရေးလုပ်ငန်းများအတွက် အသုံးပြုဆောင်ရွက်ကြမည်ဖြစ်သည်ဟု ၎င်းက ခန့်မှန်းတွက်ချက်ပြသည်။

ရေနံတူးဖော်မှုဆောင်ရွက်ရာ၌ တူးဖော်ရေးကုမ္ပဏီတစ်ခုအတွက် ဝန်ဆောင်မှုပေးရသည့် ကုမ္ပဏီ အရေအတွက်သည် အနည်းဆုံး ၃၀ ခန့်ရှိရာ ယင်းကုမ္ပဏီများက သုံးစွဲသည့်ငွေကြေးများလည်း ရှိလာနိုင်သည်ဟု ဆိုသည်။

ပြပွဲစီစဉ်သူဖြစ်သည့် စင်ကာပူပြပွဲဝန်ဆောင်မှုလုပ်ငန်းမှ အကြီးတန်း စီမံကိန်း မန်နေဂျာ Mr. Carol New က “အခုလုပ်မယ့် ပြပွဲက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ချိတ်ဆက် မိစေမယ့်အပြင် လိုအပ်တဲ့ဝန်ဆောင်မှုပိုင်းကိုလည်း ချိတ်ဆက်မိစေမှာပါ” ဟု ရေနံနှင့် သဘာဝလုပ်ငန်း ပြပွဲမှရရှိနိုင်သည့် အခွင့်အလမ်းအပေါ် ရည်ညွှန်းပြောသည်။

No comments: