Wednesday, September 10, 2014

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ သျှမ်း/မြောက် ပညာရေးနှင့် သာသနာ ရေးတွင် ထောက်ပံ့ လှူဒါန်း

သျှမ်းသံတော်ဆင့်

ဒုသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းဦးဆောင်သော သျှမ်းပြည်နယ် အစိုးရ အဖွဲ့သည် ယမန်နေ့က သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့ သို့ရောက် ရှိခဲ့ပြီး ပညာရေးနှင့် သာသနာ တော်ပြန့် ပွါးရေး လုပ်ငန်း အတွက် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း ဒေသခံများ ကပြောသည်။

“ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ သူ့ဇနီးနဲ့ သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖွဲ့ပေါ့။ မူစယ်ကို ၈ ရက်နေ့ မနက် ၁၀ နာရီမှာရောက်ရှိတယ်။ ဒေသခံလူထုက စောင့်ကြိုတယ်။ စီးပွါးရေးဇုံကို သွားကြည့် တယ်။ နောက်ပြီးတော့ မိဂဒါမဟာစေတီလွယ်တိန်ခမ်းမှာ စေတီတော်တည်ဖို့ သမ္မတက ကျပ် သိန်း ၁၀၀ ဝန်ကြီးချုပ်ကသိန်း ၁၀၀ နဲ့ အဖွဲ့ဝင်တွေစုပေါင်းပြီးတော့ သိန်း ၁၀၀ စုစုပေါင်း ကျပ်သိန်း ၃၀၀ လှူတယ်။ ” ဟု မူစယ်မှလူငယ် စိုင်းအဲန်က ပြောသည်။

ဒုသမ္မတ၏ ဇနီး နန်းရွှေမှုံက ကမကထပြုအလှူငွေမတည်ကာ ဒေသခံများစုပေါင်းဖြင့် ဓမ္မစကူးဖွင့်လှစ်ဖို့စီစဉ်နေသည့် ကျောင်းကောင်းမူးခမ်းသို့ ကျပ် ငွေကျပ်သိန်း ၂၀၀၀ လှူဒါန်းခဲ့သည်ဟုဆိုပါသည်။

ထိုသို့လှူဒါန်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် ဒုသမ္မတနှင့်အဖွဲ့သည် မွန်းလွဲ ၂ နာရီတွင် ပြန်လည်ထွက်ခွါသွားကြောင်း သိရပါသည်။

ဒုသမ္မတနှင့်အဖွဲ့သည် သျှမ်းပြည်မြောက်ပိုင်းတွင် တည်ဆောက်မည့် မြို့ပြ ဒေသဖွံ့ဖြိုးရေး စီမံ ကိန်း လုပ်ငန်းခွင်များကြည့်ရှုစစ်ဆေးရန်အတွက် စက်တင်ဘာလ ၇ ရက်နေ့ကတည်းက လားရှိုး မြို့သို့ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

No comments: