Wednesday, September 10, 2014

ပီအာရ်စနစ်ကန့်ကွက်လက်မှတ် လွှတ်တော်တင်မှု မထူးခြားပါက ဆန္ဒပြရန် စီစဉ်ထားဟုဆို

ရွှေရည်ဝင်းထက်

အချိုးကျကိုယ်စားပြုစနစ် (PR)စနစ်ကို ကန့်ကွက်လက်မှတ်ေ ကာက်ယူပြီး ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့မည်ဖြစ်၍ လွှတ်တော်က တစ်စုံတရာဆောင်ရွက်မှု ပြုလုပ်ပေးခြင်း မရှိပါက အဆိုပါကန့်ကွက်လက်မှတ်များကို ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်မည်ဟု ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ယက်မှ တွဲဖက်တာဝန်ခံ ကိုမြတ်ကျော်က မဇ္ဈိမကို ပြောသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပေးပို့တဲ့ ပြည်သူလက်မှတ် ငါးသန်းတောင်မှ သူတို့က အမျိုးမျိုးပြောနေကြတာပဲ။ ကျွန်တော်တို့ကောက်ထားတဲ့ လက်မှတ် အရေအတွက်က အရမ်းနည်းပါတယ်။ ဒါပေမယ့် သူတို့က အတည်ပြုပြီးသား ဥပဒေတစ်ခုကို ပြန်ပြင်ဖို့ပြောတာ။ ကျွန်တော်တို့က အတည်မပြုရသေးတဲ့ ဥပဒေကြမ်းကို ကန့်ကွက်တာ“ဟု ကိုမြတ်ကျော်က ဆိုသည်။

အခြေခံဥပဒေ လေ့လာသုံးသပ်ရေး အကောင်အထည်ဖော်ရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာအေးမောင်ကလည်း “ ထိရောက်မှု ရှိတာ၊ မရှိတာထက် ကိုယ်လုပ်သင့် လုပ်ထိုက်တာကို ဆောင်ရွက်တာက ဖြစ်သင့်ပါတယ်။ မဆောင်ရွက်နိုင်ရင် လွှတ်တော်ရဲ့တာဝန်၊ မကြိုက်ရင် မကြိုက်ဘူး ဆိုတာပြောရမှာက ပြည်သူတွေပါပဲ"ဟု ဟု
ဆိုသည်။

အဆိုပါ ကန့်ကွက်လက်မှတ်များကို စက်တင်ဘာ ၁၀ ရက်အထိ ကောက်ခံမည် ဖြစ်ပြီးပီအာရ် နှင့် ပတ်သက်သည့် ဟောပြောပွဲများ ပြုလုပ်၍ လက်မှတ်များ လှည့်လည်ကောက်ခံခြင်းဖြစ်သည်။

ပီအာရ်ကောက်ခံမည့် မြို့နယ်များမှာ ရန်ကုန်တိုင်းအတွင်းရှိ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံမြို့နယ် လေးမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့ ဖြစ်သည်ဟုဆိုသည်။

လက်ရှိကျင့်သုံးနေသည့် မဲအများဆုံး ရရှိသည့် ကိုယ်စားလှယ်အနိုင်ရသည့်စနစ် (First-past-the-post) အစား အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်)ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြီးခဲ့သည့် ဇွန်လတွင်းက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ကိုယ်စားလှယ်များက ထောက်ခံကာ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပ်မတော်သားကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ပါတီများက ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၁၁၇ မဲ၊ကန့်ကွက်မဲ ၈၅ မဲ သာရှိသဖြင့် အတည်ဖြစ်ခဲ့သည်။

No comments: