Tuesday, September 16, 2014

လယ်သမားများ၏ လိုအပ်ချက်များကို ဂျပန်ကူညီရန် မြန်မာလေ့လာရေးမစ်ရှင်အဖွဲ့ တောင်းဆို

ကျိုဒို

မြန်မာလယ်သမားများသည် ၎င်းတို့ လက်ရှိသုံးနေသည့် တရုတ်လုပ်ဓာတ်မြေသြဇာကို မသုံးစွဲဘဲ ဂျပန် ဓာတ်မြေသြဇာကိုသာ သုံးစွဲပါကစပါးအထွက်လည်းတိုးလာကာ အရည်အသွေးမြင့်ဆန်များကို ထုတ်လုပ် လာနိုင်မည်ဖြစ်ကြောင်း ဂျပန်သို့ လေ့လာရေး သွားရောက်ခဲ့သည့် မြန်မာ့လယ် ယာစိုက်ပျိုးရေးလုပ်ငန်း ကျွမ်းကျင်သူများက ပြောကြသည်။

ကျွမ်းကျင်သူများသည် ဂျပန်နိုင်ငံသို့ သွားရောက်သည့် မြန်မာလေ့လာရေးမစ်ရှင်တစ်ခု၏ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြပြီး ကုတကူရချစ်ကရင်ကုမ္ပဏီ၏ ချီဘားခရိုင်၊ ဓာတ်မြေသြဇာစက်ရုံသို့ သြဂုတ် ၂၅ ရက် က ရောက်ရှိသွားခဲ့ကြသူများ ဖြစ်သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် စက်ရုံများ လာရောက်တည် ဆောက်ပြီး မြန်မာလယ်သမားများအား အရည်အသွေးကောင်းသော ဓာတ်မြေသြဇာများကို ပေးသွားလိမ့် မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သြဇာဓာတ် ပို၍များသော ဓာတ်မြေသြဇာနှင့်အတူ ခေတ်မီသော ဆန်ကြိတ်ခွဲနည်း၊ ရိတ်သိမ်းပြီးနောက် သိုလှောင်ပုံ၊ သိုလှောင်နည်းနှင့် ဆည်မြောင်းရေသွယ်ယူ ခြင်းစနစ်ကိုပါ တိုးချဲ့ဆောင်ရွက်နိုင်မည် ဆိုပါက မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ယှဉ်ပြိုင်မှုလည်း ပို၍မြင့်လာပြီး အိမ်နီးချင်း ထိုင်းနှင့် ဗီယက်နမ်နိုင်ငံကဲ့သို့ မြန်မာသည်လည်း ဆန်တင်ပို့ရောင်းချသည့် အဓိကနိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဟု ၎င်းတို့က ပြောကြသည်။

“ကျွန်တော်တို့က နည်းပညာလိုတာပါ။ ဥပမာ- ကျွန်တော်တို့ဟာ ဆည်မြောင်းရေ သွယ်မှုစနစ်ကို လယ်သမားတွေ ဒီ့ထက် ပိုသုံးလာနိုင်မယ်ဆိုရင် တစ်နှစ်မှာ နှစ်ကြိမ်၊ သုံးကြိမ်အထိ ဆန်စပါးကို စိုက်ပျိုးနိုင်ပါ တယ်” ဟု နေပြည်တော်ရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဦးမျိုးကြွယ်က သီတင်း တစ်ပတ်ကြာ ဂျပန်ခရီးစဉ်အပြီး တိုကျိုမြို့တွင် သြဂုတ် ၂၆ ရက်က ပြောကြားသည်။

မြန်မာ့ဆန်ကို ၂၀၁၄ ခုနှစ်တွင် တန် ၁ ဒသမ ၃၀ သန်း တင်ပို့မည်ဟု ခန့်မှန်းထားသည်။ ၂၀၁၃ ၌ တန် ၁ ဒသမ ၁၆ သန်း တင်ပို့ခဲ့ရာမှ တိုးတက်လာခြင်းဖြစ်သည်။ သို့ရာတွင် ထိုပမာဏမှာ ၂၀၂၀ ပြည့်နှစ်တွင် ဆန်တန်ချိန် လေးသန်းတင်ပို့ သွားမည်ဟူသော ရည်မှန်းချက်ထက်တော့ များစွာနည်းနေသေးသည်။

မြန်မာ့ဆန်ကို ဈေးနှုန်းကောင်းမရသော အာဖရိက၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် အိန္ဒိယ ဈေးကွက်တို့ကိုသာ အဓိကအားဖြင့် တင်ပို့နေရသည်။

“မြန်မာလယ်သမားတွေက ရင်းနှီးမြှုပ်နှံဖို့ မတတ်နိုင်ကြဘူး။ အစိုးရက အမတော်ကြေး၊ စက်ပစ္စည်းနဲ့ ဓာတ်မြေသြဇာတွေ၊ မက်လုံးတွေ ပေးနိုင်ဖို့လိုတယ်။ ဂျပန်တို့လို နိုင်ငံခြားတိုင်းပြည်တွေနဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများက လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာအောင် ကူညီပေးသွားစေချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

No comments: