Thursday, September 11, 2014

အဆက်အသွယ် ပြတ်နေသည့် တောင်တက်သမားနှစ်ဦးကိုကယ်ရန် ကြိုးစားပြီ

တင်ဇာအောင်၊ ဇာနည်အောင်

အဆက်အသွယ်ပြတ်နေသည့် ခါကာဘိုရာဇီတောင်တက်ရောက်ရန်သွားသော တောင်တက်သမားနှစ်ဦးကို ရှာဖွေရန်နှင့် ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ရန် အတွက် ထူးဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက် အဖွဲ့ချုပ် နာယက ဦးတေဇ နှင့် အသင်းဥက္ကဌ ဦးမျိုးသန့်တို့ စက်တင်ဘာ ၁၀ ရက်၌ ပူတာအိုသို့ ထွက်ခွာ သွားသည်ဟု စုံစမ်း သိရှိရသည်။

ဦးတေဇ လိုက်ပါသွားသည်ဟု ထူးကုမ္ပဏီများအုပ်စု ဥက္ကဌရုံးမှ တာဝန်ရှိသူ ဦးဖြိုးကိုကိုသက်က အတည်ပြု ပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးမျိုးသန့် လိုက်ပါသွားသည်ဟုလည်း အသင်းတာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။

ဦးဖြိုးကိုကိုသက်က “ဆရာက သူကိုယ်တိုင်လည်း တကယ် ကြုံဘူးတယ်။ အဲဒါကြောင့် သူကယ်မယ် ဆိုပြီး ထွက်သွားတာပါ။ အဓိကတော့ သူက ခြေလျင်နဲ့ တောင်တက် အဖွဲ့ နာယက အနေနဲ့ သွားတာပါ။ ကယ်ဆယ်ရေး လုပ်မယ်ဆိုပြီး တက်သွားတာပါ" ဟု ဆိုသည်။

တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံဖောင်ဒေးရှင်းက တက်ရောက်သည့် ခါကာဘိုရာဇီ တောင်တက် ခရီးစဉ်တွင် တောင်တက်မည့်သူ ရှစ်ဦးပါဝင်ပြီး လက်ရှိအချိန်၌ အောက်တွင် ကျန်ခဲ့သည့် ခြောက်ဦးနှင့် အဆက်အသွယ်ရကာ တောင်ထိပ်သို့ တက်ရောက်သူ နှစ်ဦးနှင့် အဆက်အသွယ် ပြတ်တောက် နေခြင်းဖြစ်သည်။

အဆိုပါ တောင်တက် သမား နှစ်ဦးနှင့် အဆက်အသွယ် ပြတ်တောက်နေသည်မှာ ပြီးခဲ့သည့် တစ်ပတ်ခန့်က ဖြစ်ပြီး သြဂုတ် ၃၁ ရက်တွင် တောင်ထိပ်၌ မြန်မာနိုင်ငံအလံနှင့် အသင်းအလံ စိုက်ထူခဲ့ကာ ပြန်ဆင်းလာပြီးနောက် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆက်သွယ်ရေးစနစ် (GPS) ချို့ယွင်းကာ အဆက်အသွယ် ပြတ်ခဲ့သည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် ကယ်ဆယ်ရေး လုပ်ရန်အတွက် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး ရဟတ်ယာဉ် နှစ်စင်းလည်း ရောက်ရှိနေပြီဖြစ်ကာ ထူးဖောင်ဒေးရှင်းမှ အတွေ့အကြုံရှိသည့် ကယ်ဆယ်ရေး သမားများလည်း လိုက်သွားသည်ဟု ဦးဖြိုးကိုကိုသက်က ပြောသည်။

တောင်တက်အဖွဲ့ဝင်များသည် ဇူလိုင်လ ၃၁ ရက်က ပူတာအိုမှ တဆင့် တောင်တက်ခရီးစဉ် စတင်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် သာမက အရှေ့တောင်အာရှတွင်ပါ အမြင့်ဆုံး ရေခဲတောင်ဖြစ်သည့် ခါကာဘိုရာဇီ တောင်ထိပ် သို့ ဂျပန်-မြန်မာ ချစ်ကြည်ရေးအဖွဲ့မှ ဂျပန်လူမျိုး မစ္စတာ အိုဇာကီနှင့် မြန်မာနိုင်ငံသား တိဗက်လူမျိုး လမ်းပြ နမားဂျွန်ဆိန်တို့ ၁၉၉၆ ခုနှစ်က ပထမဆုံးတက်ရောက်နိုင်ခဲ့သည်။ ယခုတစ်ကြိမ် တက်ရောက်ခြင်းသည် နိုင်ငံခြားသား အကူအညီ မပါဘဲ ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်သည်။ ခါကာဘိုရာဇီတောင်သည် အမြင့်ပေ ၁၉၂၉၆ ပေရှိသည်။

No comments: