မောင်မန်း
မြန်မာနိုင်ငံတွင် e-Government အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးအတွက် ဆောင်ရွက်မှုသည် ၂၀ ရာခိုင်နှုန်း ခန့်သာရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း နည်းပညာကော်မတီဥက္ကဋ္ဌ ဦးရဲကျော်သိန်းက မဇ္ဈိမကို ပြောသည်။
ဦးရဲကျော်သိန်းက “ eGovernment အတွက် လုပ်နေတဲ့အထဲမှာ ဆိုက်ဘာလုံခြုံရေးအတွက် လုပ်နေတာက ၂၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ အားရစရာတော့ မရှိသေးပါဘူး” ဟု ဆိုသည်။
နိုင်ငံတော်သမ္မတက လ ၂၀ အတွင်း e-Government အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန် ချက်ချမှတ်ခဲ့ပြီး နောက် ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သတ်ပြီး လုပ်ဆောင်ရန်လိုအပ်သည်များကို တင်ပြထားခြင်း ရှိသည်ဟု ဦးရဲကျော်သိန်းက ဆိုသည်။ သို့သော်လည်း လ ၂၀ အတွင်းပြီးစီးနိုင်မည့် လုပ်ငန်းစဉ်များ ရွေးချယ် လုပ်ဆောင်ရာတွင် ဆိုင်ဘာ လုံခြုံရေးနှင့်ပတ်သက်၍ ပါဝင်ခြင်းမရှိနိုင်သေးဟုလည်း ၄င်းက ဆိုသည်။
၎င်းက “ e-Government လုပ်ဖို့ဆိုရင် လိုအပ်တဲ့ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းတွေကို တင်ပြထားတာ တော့ ရှိတယ်။ လ ၂၀ အတွင်း လုပ်မယ့်ထဲမှာတော့ ပါဦးမှာမဟုတ်ပါဘူး” ဟုဆိုသည်။
ဆက်လက်ပြီး ၎င်းက “ လက်ရှိဒီစနစ်ကို အသုံးပြုမယ့် ၀န်ထမ်းတွေကို ဘယ်လိုတွေ လုပ်ဆောင်ရမလဲဆိုတာလည်း အသိပညာပေးလုပ်ရမယ်။ Password မေ့မှာစိုးလို့ ခုံမှာရေးမှတ်ထားတာမျိုးတွေ ကျတော့ အဆင်မပြေဘူး” ဟု ၎င်း၏အတွေ့အကြုံကို ပြောသည်။
ဆိုက်ဘာတိုက်ခိုက်မှုများတွင် နိုင်ငံအဆင့် ဆုံးရှုံးမှုမဖြစ်စေရန် ဆိုက်ဘာလုံခြုံရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ပညာရှင်များက သုံးသပ်ကြသည်။ ပြည်တွင်း ဝန်ကြီးဌာန ၀က်ဘ်ဆိုက်များသည် ဆိုက်ဘာတိုက်ခိုက်မှုများကြောင့် ထိခိုက်မှုများ မကြာခဏ ရှိနေသည်။
No comments:
Post a Comment