နိရဉ္စရာ
ဖေါင်ကြီး သင်တန်းကျောင်းသို့ သင်တန်းတက်ရန် ဆရာ ဆရာမ လိုက်ပါသွားသည့် တိုးရတနာ ဘတ်စ်ကား အမ်းမြို့တွင် တိမ်းမှောက်ရာမှ ဆရာဆရာမအချို့ ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိပါသည်။
ဒဏ်ရာ ရသူများအထဲတွင် ဆရာ ၄ ဦးနှင့် ဆရာ မ ၂ ဦးတို့ ပါဝင်ပြီး သူတို့အား သက်ဆိုင်ရာ ဌာနမှ လုံးဝ အရေးမစိုက်သဖြင့် ယခုအခါ အခက်အခဲတစ်ချို့နှင့် ကြုံတွေ့နေရသည်ဟု အမည်မဖေါ်လိုသူ ဆရာမ တစ်ဦးက နိရဉ္စရာသို့ ဖုံးဖြင့် ဆက်သွယ် အကြောင်းကြားလာသည်။
“ ဖေါင်ကြီးသွားတဲ့ တိုးရတနာကားနဲ့ လိုက်ပါလာတဲ့ သင်တန်းသူ သင်တန်းသား ဆရာ ဆရာမက စုစုပေါင်း ၃၅ ယောက် ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်မှာ အဲဒီကားက အမ်းရဲစခန်းနဲ့ အခွန်ရုံအကြားမှာ ချောက်ထဲကို ထိုးကျသွားပါတယ်။ ဆရာ ဆရာမတွေ တော်တော် ဒဏ်ရာ ရကြပါတယ်။ အဲဒီအထဲက ဆရာ ၄ ဦးနဲ့ ဆရာမ ၂ ဦးက ဒဏ်ရာ ပြင်းထန်တဲ့ အတွက် အမ်းဆေးရုံကို တင်ပို့ခဲ့ရပါတယ်။ အခု သူတို့က အကူအညီမဲ့နေတဲ့ အတွက် ဆေးရုံမှာ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်” ဟု သူမက ဆိုသည်။
ယင်းသို့ ဒဏ်ရာရရှိသွားသဖြင့် စိတ်အားငယ်နေချိန်တွင် သက်ဆိုင်ရာ ပညာရေးဌာန တာဝန်ရှိသူများမှ တစ်စုံတစ်ရာ လာရောက် အရေးစိုက် ကူညီပေးမှုများလည်း မရှိကြောင်း သူမက ဆက်လက် ပြောဆိုသည်။
“ အမ်းဆေးရုံမှာ သူတို့ အနေနဲ့ မနက် ထမင်းကို နေ့လယ် ၂ နာရီမှ စားရတယ်။ ညနေ ထမင်းကို ညဥ့် ၉ နာရီမှ စားရတယ်။ ဘယ်သူမှလည်း သူတို့ကို အရေးစိုက်မယ့်သူ မရှိဘူး။ ဆရာ ဆရာမတွေက ငယ်ငယ်လေးတွေဆိုတော့ တကယ့်ကို စိတ်အားငယ်နေကြပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် ပညာရေးဌာနမှ ရသေ့တောင်မြို့နယ် မှ ဆရာ ဆရာမ ၁၈ ဦး၊ ပေါက်တောမြို့နယ် ဆရာ ဆရာမ ၁၇ ဦး၊ စုစုပေါင်း ၃၅ ဦးအား တစ်ဦးလျှင် ကျပ် ၂၅၀၀၀ စီယူပြီး အဆင့်မြင့် လေအိတ်ကားနှင့် မပို့ဆောင်ဘဲ တိုးရတနာ ရိုးရိုးဘတ်စ်ကားဖြင့် ဖေါင်ကြီး သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ရာ ယင်းကားမှာ အမ်းတွင် ချောက်ထဲထိုးကျ တိမ်းမှောက်သွားခဲ့သည်။
ကားပေါ်တွင် ဆရာ ဆရာမ ၃၅ ဦးအပြင် အပြင်လူ ၃ ဦးလိုက်ပါလိုက်ပါခဲ့ပြီး ဒဏ်ရာရရုံမှ လွဲပြီး အသေအပျောက် မရှိဟု သိရသည်။
ဆေးရုံးတက်စရာ မလိုဘဲ ဒဏ်အနည်းငယ် ရရှိသော ဆရာ ဆရာမများနှင့် ကျန် ဆရာ ဆရာမများကို တစ်ခြားကားတစ်စီးဖြင့် ယမန်နေ့က ဖေါင်ကြီးသို့ ခေါ်ဆောင်သွားသည်ဟု သတင်း ရရှိသည်။

No comments:
Post a Comment