Friday, January 2, 2015

လှိုင်သာယာ မြစိမ်းရောင်ကုမ္ပဏီကျူးကျော် ၁၀၀ ထပ်အဖျက်ခံရ

ခင်မြတ်မြတ်ဝေ

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၁)တွင် မြစိမ်းရောင် ကုမ္ပဏီပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည်ကျူးကျော်တဲ အလုံး ၁၀၀ကို ဒီဇင်ဘာ ၃၀ နံနက် ၅နာရီတွင် ကုမ္ပဏီမှ လူအင်းအား ၂၀၀ဖြင့် ထပ်မံဖျက်ဆီးခဲ့သည်ဟု မျက်မြင်တွေ့ခဲ့သူ လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ပြန်ကြားရေး တာဝန်ခံက မဇ္ဈိမကို ပြောသည်။

"မနက် ၅နာရီလောက်မှာပဲ ကုမ္ပဏီဘက်က လူအင်းအား ၂၀၀လောက်နဲ့ ဖျက်တာ ဟိုတခါလိုတော့ အချင်းများတာတော့မရှိဘူး၊ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေမရှိဘူး၊ ဖျက်ခံရတဲ့သူတွေကတော့ သူတို့အိမ်ဖျက်ထားတဲ့ ဝါးတို့ ဘာတို့ပြန်ကောက်နေကြတယ်"ဟု ၎င်းကဆိုသည်။

ကုမ္ပဏီဘက်မှ ကျူးကျော်တဲကို ဖျက်ဆီးခြင်းသည် ဒုတိယအကြိမ်မြောက်လည်း ဖြစ်သည်။

လှိုင်သာယာမြို့နယ် ရဲစခန်းမှ ရဲမှူးသန်းမြင့်ဦး က "ဟုတ်တယ် မနက်၅နာရီက ထပ်ဖြစ်တာပဲ။ ကုမ္ပဏီ ဘက်ကဖျက်တာပဲ၊ ဒီကိစ္စကို ဘယ်ဘက်ကမှ လာတိုင်တာတော့မရှိဘူး၊ ကုမ္ပဏီ ဝန်းဆိုတော့ သူတို့ ကုမ္ပဏီ ဘက်က ဝန်ထမ်းပဲ လုံခြုံရေးစောင့်တယ်"ဟု ၎င်း ကဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်က ကျူးကျော်တဲများကို မြစိမ်းရောင် ကုမ္ပဏီနှင့် ဝါဝါဝင်းကုမ္ပဏီတို့က ပူးပေါင်းကာ ဖျက်ဆီးခဲ့ပြီး ၁၆ ရက်တွင် ထပ်မံဖျက်ရန် လာရောက်စဉ် ကျူးကျော်နေထိုင်သူများနှင့် နှစ်ဖက်စလုံးက တုတ်၊ ဓားများ အသုံးပြုကာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ယင်း ပဋိပက္ခအတွင်း တဲလေးလုံး မီးရှိုးခဲ့သူကို ရဲကတရားလိုပြုလုပ်ခါ အမှုဖွင့်ထားသည်။

No comments: