Friday, January 2, 2015

၂၀၁၅ အတွက် နိုင်ငံတော်အကြီးအကဲတွေရဲ့ မှန်းချက် နှမ်းထွက်ကိုက်ပါ့မလား

မင်းမင်း

သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသက်တမ်း၏ နောက်ဆုံးလက်ကျန်နှစ်ဖြစ်သော ၂၀၁၅ ခုနှစ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် ဖြေရှင်းစရာများစွာရှိနေသည့် နိုင်ငံရေး အကြပ်အတည်းများကို ထိရောက်စွာ ဖြေရှင်းမည်ဟု သမ္မတဦးသိန်းစိန်က ၂၀၁၅ နှစ်သစ်စစ်ချင်းမှာပင် ပြည်သူလူထုကို ကတိပြုလိုက်သည်။

သမ္မတဦးသိန်းစိန်က “တိုင်းပြည်အတွက်အရေးကြီးတဲ့ နိုင်ငံရေးသဘောတူညီချက်တွေ၊ နိုင်ငံရေး အဖြေတွေကို ထိရောက်စွာ ရှာဖွေနိုင်တော့မှာဖြစ်ပါတယ်” ဟု ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၁ရက်တွင် ပြောကြားသည့် နိုင်ငံတော် သမ္မတ၏ ၂၀၁၄ ခုနှစ် နိုင်ငံတော် အခြေအနေနှင့် ပတ်သက်၍ ပြည်သူသို့ အစီရင်ခံစာ တင်ပြချက်တွင် ထည့်သွင်း ပြောဆိုလိုက်သည်။

ယင်းအပြင် ယခု ၂၀၁၅ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ခိုင်မာရန် အပါအဝင် လက်ရှိ အချိန်ထိ တိုက်ပွဲများဆက် ဖြစ်နေသေးသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ခိုင်မာ

ရန်နှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတ မှုရှိရန် ကြိုးပမ်းလုပ်ဆောင်မည်ဟုလည်း သမ္မတ ဦးသိန်းစိန်က နှစ်သစ်ကူးနှုတ်ဆက်စကားတွင် ထည့်သွင်းပြောဆိုခဲ့သည်။
၂၀၁၅ခုနှစ်သည် မြန်မာ့နိုင်ငံရေးတွင် “သမိုင်းတွင်မယ့်လုပ်ငန်းစဉ်တွေ အခြေတည်မယ့်နှစ်တစ်နှစ်” ဟု သမ္မတက သုံးနှုန်းသွားသည်။

၂၀၁၅ ခုနှစ်တွင် လုပ်ဆောင်ရမည့် လုပ်ဆောင်သင့်သည့်ရည်မှန်းချက်များနှင့် ၎င်းတို့၏ ရည်တည် ချက် များကို သမ္မတဦးသိန်းစိန်အပါအဝင် ဒုတိယသမ္မနှစ်ဦးဖြစ်သည့် ဦးဥာဏ်ထွန်း၊ ဒေါက်တာစိုင်းမောက်ခမ်း၊ သမ္မတရုံးဝန်ကြီးနှစ်ဦးဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကလည်း နှစ်သစ်ကူးနှုတ် ဆက်စကားတွင် အသီးသီး ထုတ်ဖော်ပြောဆိုခဲ့သည်။

အစိုးရသက်တမ်းလေးနှစ်အတွင်း ဝေဝါးနေသေးသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက “နှစ်သစ်မှာပြောချင်တာကတော့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ ရအောင်လုပ်ပါ့မယ်” ဟု ဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “ပြည်တွင်းငြိမ်း ချမ်းရေးကို တည်ဆောက်ရာမှာ နိုင်ငံတော်ရဲ့ တည်ရှိမှု ၊ သမိုင်းအစဉ်အလာနဲ့ တိုင်းရင်းသား ပြည်သူများရဲ့ အခြေအနေအပေါ်မူတည်ပြီး တတ်နိုင်သမျှအကောင်းဆုံးဖြ စ်အောင် ကြိုးစား ဆောင်ရွက် လျက်ရှိပါတယ်” ဟု အစိုးရတပ်မတော်၏ ရပ်တည်ချက်ကို ပြောဆိုသွားသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်သူ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကလည်း ပြည်တွင်းငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သောကြောင့် ၂၀၁၅ခုနှစ်တွင် ငြိမ်းချမ်းရေးရစေချင်သည်ဟု ပြောသည်။

ဒါက်တာစိုင်းမောက်ခမ်းက “ငြိမ်းချမ်းရေးရရှိမှပဲ စီးပွားရေးက လုပ်လို့ရမှာပါ။ Investment( နိုင်ငံခြားရင်းနှီးမြုပ်နှံမှု)တွေလည်း လာပါမယ်။ မငြိမ်းချမ်းဘဲနဲ့တော့ ရင်းနှီးမြုပ်နှံမှုက တော်ရုံတန်ရုံနဲ့ သိပ်မလာချင်ကြဘူး။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးကို ရစေချ င်ပါတယ်” ဟု ဆိုသည်။

သို့သော် နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်သည့် ဆောင်းပါးရှင် ဦးသန်းစိုးနိုင်ကမူ လက်ရှိ အနေအထားအရ အပြန်အလှန်ယုံကြည်မှုမရှိကြခြင်း၊ အစိုးရအဖွဲ့အတွင်းတွင်ပင် သဘောထား ရပ်တည်ချက်ကွဲပြားနေခြင်းနှင့် တပ်မတော်၏ သဘောထားတင်းမာမှုတို့ကြောင့် ၂၀၁၅ခုနှစ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် နိုင်ငံရေးပြ ဿနာများ ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟု သုံးသပ်သည်။

“ငြိမ်းချမ်းရေးဆိုတဲ့ပြဿနာကတော့ ၂၀၁၅မှာ လုံးဝမျှော်လင့်လို့မရပါဘူး။ ၂၀၁၅တင်မကပါဘူး။ ၂၀၁၅ဟိုဘ က်အထိ ငြိမ်းချမ်းရေးကို နိုင်ငံရေးအရအဖြေရှာတဲ့ဆွေးနွေးပွဲဖြစ်စဉ်တွေဟာ ဆက်သွားဦးမယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒီအတိုင်းကတော့ ဗမာပြည်ပြဿနာ မပြေလည်ဘူးဗျာ” ဟု ဦးသန်းစိုးနိုင်က မဇ္ဈိမကို ပြောသ ည်။

သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းအတွင်း ပြုပြင်ပြောင်းလဲမှုများ အောင်မြင်သည်ဟု ပြောစရာအဖြေပင်မရှိဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဇင်ဘာ ၃၀ရက်က ပြောဆိုထားသည်။

မည်သို့ပင် ဖြစ်စေ ၂၀၁၅ခုနှစ်သည် နိုင်ငံတော်အကြီးအကဲများ၏ မျှော်မှန်းချက်များ မည်၍မည်မျှ အကောင်အထည် ပေါ်လာမည်ကို စောင့်ကြည့်ရမည့် အစိုးရသက်တမ်း နောက်ဆုံးနှစ် တစ်နှစ်ပင်ဖြစ်သည်။

No comments: