Friday, January 2, 2015

ရခိုင် ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အခမ်းအနား သံတွဲတွင် ပထမဆုံးအကြိမ် ပြုလုပ်

နေဇော်

ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာ ကျဆုံးခြင်း နှစ် (၂၃၀) ပြည့် ၀မ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီက သံတွဲမြို့တွင် ပထမဆုံး အကြိမ် ကျင်းပခဲ့သည်။

အခမ်းအနားကို ရခိုင်မျိုးချစ် လူငယ်များ ဦးဆောင်၍ သံတွဲမြို့ ရွှေဆံတော်ဘုရား ဓမ္မာရုံ၌ ကျင်းပခဲ့ပြီး သံဃာတော် ၁၀ ပါးနှင့် ပရိသတ် ၅၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်။

တက်ရောက်လာကြသော ရဟန်းတော်များနှင့် ပရိသတ်များက ခေတ်အဆက်ဆက် ကျဆုံးလေပြီသော ရခိုင်အာဇာနည်များနှင့် ရခိုင်အောင်လံတော်ကို အလေးပြုခြင်း၊ ကျဆုံးလေပြီသော ရခိုင်အာဇာနည်များအတွက် ၀မ်းနည်းကြောင်း အထိမ်းအမှတ် အနေဖြင့် တစ်မိနစ်ခန့် ငြိမ်သက်၍ ဆုတောင်း မေတ္တာပို့ခြင်း၊ အခမ်းအနားတွင် ရဟန်းတော်များနှင့် တက်ရောက်လာသူ အချို့မှ ဟောပြောခြင်း၊ အရေးအခင်းကာလအတွင်း ပြစ်ဒဏ် ကျခံနေရသော တောင်ကုတ်မြို့မှ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ကြွရောက်လာသော ဆရာတော် သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်းများကို ပြုလုပ်ခဲ့ကြောင်း အခမ်းအနား ကျင်းပရေးကော်မတီဝင် ဦးတိုးတိုးနှင့် ဦးမြင့်မိုးတို့မှ ပြောကြားခဲ့သည်။

“ ယခုနှစ် ကျင်းပတဲ့ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာကျဆုံးနေ့က သံတွဲမှာ ပထမဆုံ အကြိမ် ကျင်းပတဲ့ အခမ်းအနားလို့ ပြောလို့ရပါတယ်။ ဟိုနှစ်ကတော့ စတိ သဘောလောက်ဘဲ ကျင်းပခဲ့တာပါ” ဟု ဦးမြင့်မိုးက ပြောသည်။

အံတော်ဘုရားကြီးတိုကျောင်းဆရာတော် ဥူးဥတ္တရကလည်း အခမ်းအနားတွင် ယခုလို မိန့်ကြားသည်။

“ ရခိုင်ဘုရင်နိုင်ငံတော် ကျဆုံးတဲ့ အခါမှာ ကျောင်းကန် ဇရပ်တွေ၊ သာသနာ ယဉ်ကျေးမှု၊ စာပေ အားလုံးကျဆုံးသွားခဲ့တယ်။ ဒါ့အပြင် လူပညာရှင်တွေ၊ အာဇာ သူရဲကောင်းတွေ အကုန်လုံး ကျဆုံးခဲ့ရတယ်။ အဲဒီကျဆုံးမှုဟာ ဒီကနေ့ နှစ်ပေါင်း ၂၃၀ ပြည့်မြောက်ခဲ့ပြီ။ ဘာကြောင့် ရခိုင်ပြည် ကျဆုံးခဲ့ရသလဲ ပြန်စစ်ရင် ရခိုင်အမျိုးအချင်းချင်း ညီညွတ်မှု မရှိလို့ပဲ။ စည်းလုံးမူ မရှိလို့ ဖြစ်တယ်။ ဒီကနေ့ လက်သီး လက်မောင်းတန်းပြီး အမျိုးချစ်တယ်၊ အမျိုးချစ်တယ်လို့ အော်နေရုံနဲ့ မရနိုင်ဘူး။ ဒါထက် မနိမ့်ကျအောင် အချင်းချင်း စည်းလုံးရမယ်။ ညီညွတ်ရမယ်” ဟု ပြောသည်။

No comments: