စံမောင်သန်း
ဒေါက်တာစောမြအောင်မိသားစု၊ ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် rotary international အဖွဲ့တို့ ပူးပေါင်းပြီး မြောက်ဦးတွင် အခမဲ့ဆေးကုသမှုတစ်ခုကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အလိုတော်ပြည့်ဆရာတော်ကြီး၏ စီစဉ်မှုဖြင့် ပြုလုပ်ပေးသော အဆိုပါဆေးကုသမှုတွင် လက်ပြတ်နေသူများကို လက်အတုတပ်ဆင်ပေးခြင်း၊ သွားနုတ် သွားစိုက်ခြင်းနှင့် အထွေထွေရောဂါများကို ကုသပေးခဲ့သည့်အပြင် ကျန်းမာရေး နှင့်ပတ်သက်သည့် အသိပညာပေးဟောပြောခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“အခုလို လက်အတုနဲ့ ပစ္စည်းတွေကိုကိုင်တွယ်အသုံးပြုနိုင်တော့မှာဖြစ်တဲ့အတွက် အရမ်းဝမ်းသာ မိပါတယ်ရှင်။ လာရောက် ကုသပေးတဲ့ ဆရာဝန်အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု လက်အတု လာရောက်တပ်ဆင်သူ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်နေ အသက် ၂၁ နှစ်အရွယ် မဝင်းမြင့်သန်းက ပြောသည်။
ဆေးကုသရာတွင်ပါဝင်သည့်ဆရာဝန်ကြီးတစ်ဦးကလည်း ရခိုင်ပြည်၌ ဆင်းရဲသားအများစုသည် ငွေကြေးမ တတ်နိုင်၍ ဆေးကုသမှုခံယူနိုင်ခြင်းမရှိသည်ကိုတွေ့ရှိရပြီး အချို့မှာ ဆေးကုသနိုင်သော်လည်း ဆေးကို course ကို ကုန်အောင်ဝယ်ယူသောက်သုံးနိုင်ခြင်းမရှိသည်ကိုတွေ့ရကြောင်း ပြောကြားခဲ့သည်။
“သူတို့တွေအတွက် အခုလို ဆေးတွေအခမဲ့လာရောက်ကုသပေးလိုက်တာဟာ သူတို့အတွက် အင်မတန်အကျိုး ရှိစေပါတယ်”ဟု သူက ဆိုသည်။
အလိုတော်ပြည့်ဆရာတော်ကလည်း ဝေးလံသည့်နေရာများမှဆရာဝန်များအနေဖြင့် ယခုကဲ့သို့လာရောက်ကုသ ပေးနိုင်ခြင်းမှာ သာမန် ဆရာဝန်များ လုပ်ပေးနိုင်သည့် ကိစ္စ မဟုတ်ဘဲ မေတ္တာရှင်၊ စေတနာရှင်တို့သာ တတ်နိုင်သော ကိစ္စ ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။
ယင်းသို့ဆေးကုသပေးရာသို့ နိုင်ငံခြားမှ ဆရာဝန်ကြီးများအပါအဝင် အဖွဲ့ဝင်အင်အား ၅ဝ ကျော်ပါဝင်ခဲ့ကြပြီး လက်အတုတပ်သူ လူနာ ၁ဝ ဦးအပါအဝင် လူနာပေါင်း ၂ဝဝဝ ခန့် လာရောက်ကုသခံကြသည်ဟု ဆေးကုသရေးကို ဦးဆောင်စီစဉ်ဆောင်ရွက်နေသူ ဦးကုမာရာက မိန့်ကြားသည်။
အခမဲ့ဆေးကုသပေးခြင်းဖွင့်ပွဲအခမ်းအနားကို မြောက်ဦးမြို့ရှိ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းတို့ တက် ရောက်ဖွင့်လှစ်ခဲ့ပြီး ဆေးကုသပေးခြင်းကို မြောက်ဦးဟိုတယ်၌ ပြုလုပ်ခဲ့ကြသည်။

No comments:
Post a Comment