ကျော်မျိုးထွန်း
မြန်မာပြည်တွင် ဘိန်းအများဆုံး စိုက်ပျိုးရာ ဒေသဖြစ်သည့် ရှမ်းပြည်နယ်၌ ဘိန်းခင်းများ ဖျက်ဆီးခံရပြီး ဘိန်းချက် စခန်းများ ဝင်ရောက် စီးနင်းခံရမှုကြောင့် ဝယ်ယူမည့် ကုန်သည် နည်းပါးသွားသဖြင့် ဘိန်းစိမ်း ဈေးမှာ သိသိသာသာ ကျဆင်းသွားကြောင်း ဒေသခံ ဘိန်းစိုက် တောင်သူများက ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှ ဘိန်းစိုက်တောင်သူ တဦးက အရည်အသွေးပေါ် မူတည်၍ ဘိန်းစိမ်း ၁ ပိဿာလျှင် လက်ရှိ ဒေသပေါက်ဈေး ၄ သိန်းမှ ၄ သိန်းခွဲကြားသာ ရှိသဖြင့် ၁၀ စုနှစ်အတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိသွားကြောင်း ဧရာဝတီသို့ ပြောသည်။
“ဝယ်လက်ကြီးကို တခါတည်း ပိတ်ထားတဲ့ သဘောဗျ။ ဈေးနည်းနည်းပါးပါး ရှိတာကလည်း အသေးအဖွဲ ပိဿာ ၁၀၊ ၂၀ လာဝယ်တဲ့သူ ရှိလို့။ အရင်တုန်းလိုတော့ ပိဿာရာချီ လာဝယ်တဲ့သူတွေ မရှိတော့ဘူး” ဟု သူက ဆိုသည်။
ဘိန်းဈေး စံချိန်တင် ကျဆင်းမှုကြောင့် ငွေကြေး ပြေလည်သော တောင်သူများမှာ ထုတ်မရောင်းကြသေးဘဲ လှောင်ထားကြသော်လည်း ဆင်းရဲချို့တဲ့သည့် တောင်သူ အများစုမှာ ရသည့်ဈေးဖြင့် ထုတ်ရောင်းနေရ ကြောင်း ဖယ်ခုံ ဒေသခံတဦးက ပြောသည်။
ဘိန်းဈေး ထိုးကျနေခြင်းမှာ ဒေသအာဏာပိုင်များက ဘိန်းချက်စခန်းများကို ဝင်ရောက် ဖမ်းဆီးမှုများ ကြောင့် ဖြစ်ကြောင်း ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းက ပြောဆိုသည်။
ရဲမှူးမြင့်သိန်းက “ဒီနှစ်က အဖမ်းအဆီး များတာပေါ့။ အဖမ်းအဆီး များတော့ ကုန်သည်တွေက လာမဝယ် ရဲဘူးလေ။ အဖျက်အဆီး ကလည်းများ၊ အဲဒီကြားထဲ ထွက်လာတဲ့ဟာ ကိုလည်း ဖမ်းဆိုတော့ သူတို့ သိပ်မချောင်တော့တဲ့ သဘောပေါ့” ဟု ဧရာဝတီကို ရှင်းပြသည်။
ယင်းသို့ ဘိန်းဈေးနှုန်း ကျဆင်းလာခြင်းသည် ယခုနှစ် ဇန်နဝါရီလ အတွင်းက ဖယ်ခုံမြို့နယ်နှင့် ပင်လောင်း မြို့နယ်ကြားရှိ နန်းနိတ်ကျေးရွာ အနီး၌ ဘိန်းချက်စခန်း ၂ ခု ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်မှုရှိ ကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု ၂၅ (တောင်ကြီး) မှ ဒုရဲမှူး အောင်စိုးကြိုင် ကလည်း “ကျနော်တို့က ဘိန်းချက်တဲ့ စခန်းတွေ ကိုလည်း ဖမ်းမိတယ်။ ချက်တဲ့ လူတွေက ရုတ်တရက် မချက်နိုင်တော့ ဈေးကွက်မှာ ဝယ်လိုအား ကျသွား တယ်။ ဝယ်လိုအား ကျရင် ဈေးနှုန်းလည်း ကျမှာပဲ” ဟု ပြောဆိုသည်။
ဆီဆိုင်မြို့နယ်မှ ပအိုဝ်းဘိန်းစိုက်တောင်သူတဦးက လွန်ခဲ့သည့် ၂၀ဝ၅ ခုနှစ်က ဒေသတွင်း အမြင့်ဆုံးဈေး အဖြစ် ဘိန်းစိမ်း တပိဿာလျှင် ကျပ် ၁၀ သိန်း အထိ ရှိခဲ့ဖူးသော်လည်း ပြီးခဲ့သည့် ၂ နှစ် ခန့်မှစ၍ ဘိန်းစိမ်း ဈေးနှုန်းများ ကျဆင်းလာကာ ၂၀၁၃ ခုနှစ်တွင် ၁ ပိဿာလျှင် ၆ သိန်းခန့်သာ ရှိတော့ကြောင်း ပြောဆိုသည်။
ဘိန်း စိုက်ပျိုးရာတွင် ဆောင်းသီးနှင့် နွေသီး ဟူ၍ နှစ်မျိုးရှိပြီး ဆောင်းသီးကို နှစ်စဉ် ဩဂုတ်လတွင် စတင် စိုက်ပျိုးပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် ဘိန်းစေးခြစ်လေ့ ရှိကြောင်း၊ ရေသွင်း စိုက်ပျိုးရသည့် နွေသီးကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလ၌ အစေးခြစ် ရကြောင်း သိရသည်။
ဓာတ်မြေဩဇာဖိုးနှင့် နေ့စား လုပ်အားခများ အပါအဝင် ဘိန်းတဧကလျှင် စိုက်ပျိုးစရိတ် ၁၀ သိန်းမှ သိန်း ၁၅ ကြား ကုန်ကျကြောင်း၊ မြေဆီ မြေဩဇာ ကောင်းမွန်သည့် အခင်းများတွင် တဧကလျှင် ဘိန်းစိမ်း ၈ ပိဿာမှ ၁၅ ပိဿာအကြား ထွက်ရှိပြီး မြေမကောင်းသည့် အခင်းများ၌ တဧက ၃ ပိဿာ၊ ၄ ပိဿာခန့်သာ ထွက်ရှိကြောင်း ဘိန်းစိုက် တောင်သူများက ပြောသည်။
ဘိန်းဈေးနှုန်း ကျဆင်းလာခြင်းသည် ဒေသတွင်း၌ စိတ်ကြွဆေးပြား ထုတ်လုပ်သုံးစွဲမှု များပြားလာခြင်းနှင့် ဆက်စပ်မှု မရှိကြောင်း ဒေသခံ ရဲအရာရှိ တဦးက ပြောသည်။
တောင်သူအချို့က ဘိန်းဈေးနှုန်း ကျဆင်းနေပြီး ဝယ်ယူမည့် ကုန်သည် နည်းပါးလာသဖြင့် ရှမ်းပြည်နယ် အတွင်းရှိ စိတ်ကြွဆေးပြားများ ထွက်ရှိသည့် မြို့နယ်များသို့ သွားရောက် ရောင်းချမှု၊ စိတ်ကြွဆေးပြားနှင့် လဲလှယ်မှုများ ရှိလာကြောင်း သိရသည်။
“တချို့က ငွေအပြည့် မရတော့လည်း ဆေးပြား တဝက် ပြန်ယူလာ။ ငွေတဝက် ပြန်ယူလာတယ်။ ဒီရောက်မှ ဆေးပြား ပြန်ဖြန့်၊ အဲဒီလို သံသရာ လည်နေတာတွေလည်း ရှိတယ်” ဟု ပင်လောင်းမြို့ခံ တဦးက ရှင်းပြ သည်။
ယခင်က ဒေသခံ ဘိန်းစိုက်တောင်သူ အများစုမှာ ပြောင်း၊ တောင်ယာ စပါးတို့ကိုသာ စိုက်ပျိုးခဲ့ ကြသော် လည်း နောက်ပိုင်းနှစ်များတွင် တခြားသီးနှံ စိုက်ပျိုးမှုထက် ပိုမို မြတ်စွန်းသည့်ဘိန်းကို စိုက်ပျိုးရန် ပိုအားသန် လာကြခြင်း ဖြစ်ကြောင်း ဖယ်ခုံ ဒေသခံများက ပြောဆိုသည်။
၉ နှစ်ကြာ ဘိန်းစိုက်ဖူးသည့် ကယန်းတောင်သူ တဦးက “အများရဲ့ အာရုံက ဘိန်းမှဘိန်း ဖြစ်ကုန်တော့ တခြားသီးနှံကို သိပ်ဖြစ်ဖြစ် ထွန်းထွန်း စိုက်ချင်စိတ် မရှိတော့ဘူး။ အိတ်အလုံး ၁၀ဝ ထမ်းမယ့်အစား တအိတ်ပဲ ထမ်းမယ် ဆိုတာမျိုး ဖြစ်သွားတယ်။ စပါးတင်း ၁၀ဝ လောက် ထမ်းရမယ့် အစား ဘိန်း ၁ ပိဿာပဲ ထမ်းမယ် ဆိုပြီး ဘိန်းကို အာရုံရောက်ကုန် တာလေ” ဟု ပြောသည်။
ယခုနှစ်တွင်မူ ဘိန်းဈေး သိသိသာသာ ကျဆင်းမှုကြောင့် တောင်သူများ အရှုံးပေါ်သဖြင့် လာမည့် နှစ်၌ ဘိန်းစိုက်ပျိုးမှု လျော့နည်းသွားမည်ဟု ထင်မြင်ကြောင်း၊ တောင်သူ အချို့မှာ တခြားသီးနှံများ ပြောင်းလဲ စိုက်ပျိုးရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် ကယန်းပြည်သစ်ပါတီမှ တွဲဖက် အထွေထွေအတွင်း ရေးမှူး (၁) ဗိုလ်မှူးကြီး စောလွင်က “ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးကို အစိုးရက လုပ်တဲ့အခါမှာ ဘိန်းခင်းတွေ ဖျက်တယ်၊ ဖမ်းတယ်၊ ဆီးတယ် ဆိုတာမျိုး မဟုတ်ဘဲ ဒီဒေသမှာရှိတဲ့ ဒေသခံ ပြည်သူတွေရဲ့ စားဝတ်နေရေး အပေါ်ကို ဖြေရှင်းပေးတဲ့ နည်းလမ်းနဲ့ လုပ်စေချင်တယ်။ အဓိကအားဖြင့် ရေရအောင် လုပ်ပေးမယ်။ သူတို့ စားဝတ် နေရေး ပြေလည်နိုင်မယ့် အသီးအနှံမျိုး စိုက်နိုင်အောင် စီစဉ်ပေးမယ် ဆိုရင်တော့ သူတို့ ဘိန်းစိုက်မှာ မဟုတ်ပါဘူး။ အများစုကတော့ ထမင်းစားနိုင်လောက်ရုံ ကလေး အတွက် စိုက်နေကြတာ ပါတယ်။ စီးပွား မဖြစ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းဒေသတွင် အစိုးရနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး ထိရောက်သည့် ကူညီပံ့ပိုးမှုများ မရှိသေးကြောင်းလည်း သိရသည်။
ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ) မှ အထွေထွေ အတွင်းရေးမှူး ခွန်စိုးမြင့်က ပြီးခဲ့သည့် ရက်အပိုင်း အတွင်း ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ် အတွင်းရှိ မဲနယ်တောင်၊ လွယ်မော်တောင်ကြော များတွင် အစိုးရမှ ဘိန်းခင်းများ လိုက်လံ ဖျက်ဆီးခဲ့သဖြင့် ဒေသခံ ပအိုဝ်းဘိန်းစိုက် တောင်သူများ ထိခိုက်ခဲ့ရကြောင်း၊ ဘိန်းဈေး ကျခြင်းသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အပစ်အခတ် ရပ်စဲမှုနှင့်လည်း ဆက်စပ်မှု ရှိကြောင်း ပြောဆိုသည်။
“ဘိန်းမစိုက်ခင် မိုးမကျခင်လေးမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကွင်းဆင်းပြီးမှ ဘိန်းမစိုက်ရဘူး ဆိုတာကို ထိထိရောက်ရောက်နဲ့ ပညာပေး ဟောပြောပွဲတွေ လုပ်သင့်တယ်ဗျ။ အဲဒီလိုမလုပ်ဘဲနဲ့ ဘိန်းထွက်တဲ့ ရာသီမှ ကွင်းဆင်းဖျက်တော့ ဘိန်း တခုတည်းကို လုံးလုံးကြီး မှီခိုပြီး စိုက်တဲ့ ဒီဒေသက တောင်သူတွေ အများကြီးကို ထိခိုက် သွားတယ်” ဟု ၎င်းက ဆိုသည်။
အာဖဂန်နစ္စတန် နိုင်ငံပြီးနောက် ကမ္ဘာ့ ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်သည့် မြန်မာ နိုင်ငံတွင် ဘိန်းစိုက် တောင်သူမိသားစု ၃ သိန်းကျော် ရှိသဖြင့် ဘိန်းစိုက် တောင်သူမိသားစု ၂ သိန်းကျော် ရှိသည့် အာဖဂန်နစ္စတန် နိုင်ငံထက် ပိုမိုများပြားနေကြောင်း၊ လက်ရှိ ကမ္ဘာ့ ဘိန်းစိုက်တောင်သူ မိသားစု အများဆုံး နိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ထုတ်ပြန်ချက် အရ သိရသည်။
မြန်မာနိုင်ငံ၌ ယခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၅၇၆၀ဝ ဟက်တာ ရှိသဖြင့် ယမန်နှစ်စိုက်ပျိုးမှုထက် ဟက်တာ ၂၀ဝ နီးပါး လျော့နည်းသွားကြောင်း၊ ယခုနှစ်တွင် ရာသီဥတု ဆိုးဝါးမှုကြောင့် တန်ချိန် ၆၇၀ သာ ဘိန်း ထုတ်လုပ်နိုင်သဖြင့် ယမန်နှစ်က ထုတ်လုပ်သည့် တန် ၈၇၀ ထက် တန် ၂၀ဝ လျော့ နည်းသွားကြောင်း UNODC ၏ ထုတ်ပြန်ချက် အရ သိရသည်။ ။

No comments:
Post a Comment