ယုဝေ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ဒီဇင်ဘာ ၂၂ရက်က သေနတ်ထိမှန် သေဆုံးခဲ့ရသည့် ဒေသခံ ဒေါ်ခင်ဝင်းအမှုကို ဒေသခံတောင်သူများက အကူအညီတောင်းပါက မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ကူညီဆောင်ရွက်ပေးသွားမည်ဟု ကွန်ရက်အကြံပေး ဦးကြီးမြင့်က မဇ္ဈိမကို ပြောသည်။
ဦးကြီးမြင့်က “အမှုဖွင့်ပြီး တရားရုံးရောက်လာပြီ ဆိုရင်တော့ သက်ဆိုင်ရာ ရွာသူရွာသားတွေက တောင်းဆိုလာရင်တော့ လိုက်ပေးရမှာပေါ့ ”ဟု ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ပါဝင်သည့် လယ်ယာမြေပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများ ခြံစည်းရိုး ဝင်းခတ်မှုကို ဒေသခံတောင်သူများက ကန့်ကွက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြုံရေးယူထားသော တပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းသဖြင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ဆယ်ဦးကျော်ဒဏ်ရာရခဲ့သည့် အပြင် ဒီဇင်ဘာ ၂၃ ရက်ကလည်း ဒေသခံနှစ်ဦး သေနက်ဒဏ်ရာရရှိခဲ့သည်။
မြန်မာနိုင်ငံရှေ့နေများကွန်ရက် အဖွဲ့ဝင် ဦးသိန်းသန်းဦးက “ကျွန်တော်တို့ ရှေ့နေများကွန်ရက်က ဖိနှိပ်ခံပြည်သူများ ဘက်က အမြဲတမ်း ရပ်ပါတယ်။ ဥပဒေဘောင်အတွင်းက ကူညီလို့ရတာတွေကို ကူညီသွားမှာပါ”ဟု ပြောသည်။
မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်အပါအဝင် သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသည့် အရပ်ဘက် အဖွဲ့အစည်းများက ဇန်နဝါရီ ၃ရက်တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ရှေ့နေများကွန်ရက်က ဆားလင်းကြီး မြို့မရဲစခန်းတွင် ဒေါ်ခင်ဝင်း၏ မိသားစုဝင်များက ဒေါ်ခင်ဝင်းနှင့် ဒဏ်ရာရရှိသူ ဒေသခံ ၁၀ ဦးအတွက် ဒီဇင်ဘာ ၄ရက်က အမှုဖွင့်ရန် ကူညီ ဆောင်ရွက်ပေးခဲ့သည် ဟုလည်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၏ အကြံပေး ဦးကြီးမြင့်က ပြောသည်။
ယင်းအမှုဖွင့်ခြင်းကို ရဲစခန်းက လက်မခံပါက တရားလွှတ်တော်ချုပ်ကို စာချွန်တော် တင်သွားမည်ဟုလည်း ဦးသိန်းသန်းဦးက ပြောသည်။
ဒေါ်ခင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ ဆားလင်းကြီး ပြည်သူ့ဆေးရုံကြီး၌ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀နာရီက ရင်ခွဲစစ်ဆေးရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း မုံရွာဆေးရုံအုပ်ကြီးက အတည်ပြုပြီး ဖြစ်သည်။
ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကိုလည်း ဒီဇင်ဘာလ ၂၄ ရက် ညနေပိုင်းတွင် သင်္ဂြိုလ်ခဲ့ပြီး ဒေသခံရာချီ တက်ရောက်ခဲ့ပြီး ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားရာ ရဲစခန်းက ၄/၂၄ သေမှုသေခင်းဖြင့် ဒီဇင်ဘာလ ၂၃ရက်က အမှုကို လက်ခံခဲ့သည်။
လက်ပံတောင်းဒေသတွင် ဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံများ ပိုင်ဆိုင်သော ယာမြေများပေါ်တွင် ဒီဇင်ဘာလ ၂၂ ရက်၂၃ ရက်များက အင်အားသုံး အကြမ်းဖက် ခြံစည်းရိုခတ်ခြင်းများနှင့် သီးနှံများဖျက်ဆီးခြင်းတို့ကို အရေးယူရန် ခြံစည်းရိုးခတ်ခံရသည့် ရွာများကိုယ်စား ဒေသခံ ၇၈ ဦးပါအဖွဲ့မှ ဆားလင်း ကြီးမြို့နယ်ရဲ စခန်းတွင် အမှုဖွင့်တိုင်းကြားခဲ့သည်။
No comments:
Post a Comment