Monday, January 5, 2015

မြောက်ဦးမြို့နယ်တွင် ကျွဲနွားခိုးဂိုဏ်း သောင်းကျန်း

နိရဉ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်း ကျွဲနွားခိုးဂိုဏ်းများ သောင်းကျန်းနေပြီး နေ့စဉ် ရက်ဆက်ဆိုသလို ကျွဲနွားများ အခိုးခံနေရသည်ဟု သတင်း ရရှိသည်။

ကျွဲနွားခိုးမှု ဆက်တိုက် ဖြစ်ပွားနေသော်လည်း ရဲတပ်ဖွဲ့က မဖေါ်ထုတ်နိုင်သဖြင့် ဒေသခံ ပြည်သူများအကြား ကျွဲနွားမွေးမြူရေးနှင့် ပတ်သက်ပြီး အခက်ကြုံ တွေ့နေရကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ဦးအောင်ကျော်နိုင်က ပြောသည်။

“ ကျွဲနွားတွေက ပုံမှန်ဆိုသလို အခိုးခံနေရပါတယ်။ အခိုးခံရတာကလည်း ကျွဲကောင်ရေ အုပ်စုလိုက်ကို အခိုးခံနေရတာပါ။ ရဲက တစ်ခါမှ ဖေါ်ထုတ် ဖမ်းဆီးနိုင်တာလည်း မရှိသေးပါဘူး။ အခုတော့ ကျွဲနွားမွေးမြူရတာ အခက်အခဲ ဖြစ်နေရပါတယ်” ဟု သူက ဆိုသည်။

လွန်ခဲ့သော ဒီဇင်ဘာလ ၂၀ ရက်နေ့က မြောက်ဦးမြို့နယ် တင်းထရံကျေးရွာတွင် ကျွဲ ၅ ကောင် အခိုးခံခဲ့ရသည်။

ယင်းအပြင် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ခွေးတောက်ချောင်းကျေးရွာမှ ကျွဲ ၅ ကောင်နှင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် နတ်ချောင်းကျေးရွာမှ ကျွဲ ၉ ကောင် အခိုးခံခဲ့ရသည်။ ယခုတစ်ကြိမ် တင်းထရံရွာတွင် အခိုးခံရမူသည် ယင်းဒေသ၌ တတိယအကြိမ် အခိုး ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ခိုးယူမှုများမှာ အခြားဒေသတွင်များလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ကျွဲနွားခိုးဂိုဏ်းများသည် များသောအားဖြင့် စက်လှေများကို အသုံးပြု ခိုးယူလေ့ရှိပြီး တဖက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့ ရေလမ်းကြောင်းကို အသုံးပြုကာ တင်ပို့ကြကြောင်း သိရသည်။

No comments: