မာန်ယုကျော် (ရွှေဝမြေ)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် ယနေ့မွန်းလွဲပိုင်းက ဓာတ်လိုက်၍ လူတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အပေါက်ဝကျေးရွာရဲစခန်းနှင့် ဒေသခံများထံမှ သိရသည်။
သေဆုံးသွားသူမှာ အပေါက်ဝကျေးရွာရှိ ပြားဘင်္ဂလီကျေးရွာအုပ်စုမှ အသက် ၁၇ နှစ်အရွယ် မူဆလင် လူငယ်တစ်ဦး ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ယင်းကျေးရွာအုပ်စုမှ အသက် ၃ဝ အရွယ်ရှိ မူဆလင် လူကြီးတစ်ဦးဖြစ်ကြောင်း ရဲနှင့် ဒေသခံ များက ဆို သည်။
ဓာတ်လိုက်သေဆုံးသူသည် ယနေ့မွန်းလွဲ ၁၂ နာရီခန့်က အဆိုပါကျေးရွာရှိ ရန်တားရပ်ကွက်အပြင်ဘက် လယ် ကွင်းပြင်ရှိ မဟာဓာတ်အားလိုင်းမှသွယ်တန်းထားသော ဓာတ်မီးတိုင်ကိုတက်ရောက်ကာ ယင်းဓာတ်မီးတိုင်မှ ကြွေသီး အားကိုင်ကြည့်ရာမှ ယခုကဲ့သို့ ဓာတ်လိုက်သေဆုံးသွားခြင်းဖြစ်ကြောင်း မျက်မြင်သက်သေသေများက ပြောသည်။
“ကြွေသီးကိုကိုင်ကြည့်တဲ့သူက ဓာတ်လိုက်လို့ သေသွားတယ်။ သေတဲ့လူဓာတ်လိုက်နေစဉ်မှာ နောက်တစ် ယောက်က ဝင်ဆွဲတာ။ ဆွဲတဲ့လူက ဒဏ်ရာရပြီး သတိမေ့သွားတယ်”ဟု အပေါက်ဝကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ယခုလ ၂၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှဒေသခံနွားကျောင်းသားတစ်ဦး ဓာတ်လိုက်၍ စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အစိုးရအနေဖြင့် ယခုလမှစတင်ကာ ရခိုင်ပြည်နယ်မြို့ကြီးအချို့သို့ မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ် ဓာတ်အား ၂၄ နာရီ အချိန်ပြည့်ထုတ်လွှတ်ပေးလျက်ရှိနေပြီဖြစ်သည်။
သို့သော် လျှပ်စစ်နှင့်ပတ်သက်ပြီး အသိပညာနည်းပါးကြသည့် ကျေးလက်နေပြည်သူများကို ပြည်နယ် အစိုးရနှင့်သက်ဆိုင်ရာလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရေးဌာနတို့က အကျယ်တဝင့် ပညာပေး ရှင်းလင်းခြင်း မရှိသည့်အတွက် ယခု ကဲ့သို့ ဓာတ်လိုက်သေဆုံးမှုများဖြစ်ပွားနေခြင်းဖြစ်ကြောင်း မဟာဓာတ်အား လိုင်း သွယ်တန်း ထားသည့် လမ်းကြောင်းပေါ် တွင်ကျရောက် နေသည့်ကျေးလက်နေဒေသခံများက သုံးသပ် ပြောဆိုကြသည်။

No comments:
Post a Comment