ဟိုးစဲနာ၊ သီတာအောင်
ကယားပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နေသည့် ကေ့ထျိုးဘိုး လူမှုဖွံ့ဖြိုးရေး ဌာနကို အစိုးရထံ တရားဝင်မှတ်ပုံတင်ခွင့်လျှောက်ထားရာတွင် ဘာသာရေး အမည်တခုဖြစ်နေသည့်အတွက် မှတ်ပုံတင်ခွင့်မရကြောင်း ကေ့ထျိုးဘိုးလူမှုဖွံ့ဖြိုးရေးဌာနမှ assistant coordinator ဦးလောရယ်က ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောကြားသွားသည်။
“ကေ့ထျိုးဘိုးဆိုတာ ဘာသာရေးဟုတ်ပါတယ်။ ဘာသာရေးနဲ့ လျှောက်တင်လို့အဆင်မပြေပါဘူး။ ဒီအစိုးရဌာနအနေနဲ့ ဒီကေ့ထျိုးဘိုးဆိုတာ ဘာသာရေးတစ်ခုအနေနဲ့ သတ်မှတ်ထားတဲ့ အတွက်ကြောင့်မို့လို့ ဘာသာရေးဆိုတာ လျှောက်တင်လို့မရဘူးဆိုတာ ကျွန်တော်တို့ကို ပြန်ပြောတာတွေရှိတယ်” လို့ ဦးလောရယ်ကပြောသည်။
ကေ့ထျိုးဘိုးလူမှုအဖွဲ့အစည်းအနေဖြင့် တရားဝင်မှတ်ပုံတင်ရရှိရန် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကတည်းက ကြိုးပမ်းခဲ့သည်မှာ ၂နှစ်တာကြာမြင့်ပြီးဖြစ်ပြီး ယခု ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် မော့ဒူကလားမေးအမည်ဖြင့် ပြန်လည်ပြောင်းလဲ လျောက်ထားရခြင်းဖြစ်ကြောင်း ဦးလောရယ်က ဆက်ပြောသည်။
အမည်ပြောင်းဖြင့် မှတ်ပုံတင်လျောက်ထားသည့် လုပ်ငန်းစဉ် (process) များကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြီးပြည့်စုံသည့် အချက်အလက်များဖြင့် ပြည်နယ်အစိုးရထံသို့ လျှောက်တင်ထားပြီး ဖြစ်သည်ဟု သိရသည်။
တရားဝင်မှတ်ပုံတင်ရရှိရေးအတွက် ကြိုးပမ်းလာသည့် ကာလတလျောက် ကေ့ထျိုးဘိုးလူမှု ဖွံ့ဖြိုးရေးဌာန (KSDD) ကို အသင်းအနေဖြင့် (KSDA) ဟု ပြောင်းလဲခေါ်ဆိုမှုများလည်း ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ကေ့ထျိုးဘိုးလူမှုအဖွဲ့သည် နိုင်ငံတကာကူညီမှုအသင်းများနှင့် ဒေသတွင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်မှာ ၁၁ နှစ်ပြည့် မြောက်ရှိခဲ့ပြီဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် လူမှုအသင်းအဖွဲ့များမှတ်ပုံတင်ရေးနှင့်ပတ်သက်ပြီး နည်းဥပဒေများ မထွက်ရှိသေးသောကြောင့် အစိုးရဖက်မှ စောင့်ဆိုင်းစေမှုများရှိနေတယ်လို့ UKSY မှ ကိုဘီထူးကပြောသည်။
“ကျနော်တို့မှတ်ပုံတင်နိုင်ဖို့က လတ်တလောမှာ အဆင်မပြေသေးဘူး ဘာလို့လဲဆိုတော့ နည်းဥပဒေ မထွက်သေးတဲ့အတွက် ထွေအုပ်ရုံးက သော်လည်းကောင်း အစိုးရအဖွဲ့က ဘယ်မှတ်ပုံတင်နဲ့ ဘယ်ဥပဒေနဲ့ မှတ်ပုံတင်ခွင့်ချပေးမလဲဆိုတာ ဆိုတာ မသေချာသေးတဲ့ အနေထားဖြစ်တယ်” ကိုဘီထူးကပြောသည်။
ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင် လက်ရှိ အသင်းအဖွဲ့ဆိုင်ရာများ တရားဝင် မှတ်ပုံတင်ခြင်းများနှင့် ပတ်သက်၍ စတင်ဆောင်ရွက် ပေးနေသည်ဟုဆိုသော်လည်း သက်ဆိုင်ရာ မြို့နယ်အဆင့်ဆင့် လုပ်ငန်းစဉ်များတွင် အခက်အခဲများ ရှိနေသေးသည်ဟု သိရသည်။
လက်ရှိကယားပြည်နယ်တွင် အပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း ဒေသခံလူမှုအသင်းအဖွဲ့များ ယခင်ကထက် ပိုမိုများပြားလာကြောင်း သို့သော် တရားဝင် မှတ်ပုံတင် လာရောက်လျှောက်ထားသည့် အဖွဲ့များနည်းပါးနေသေးသည်ဟု ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတဦး၏ ပြောပြချက်အရ သိရသည်။

No comments:
Post a Comment