နော်နိုရင်း
မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံအတွက် ရိုမန်ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီးအပါး ၂၀ ကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သူ့ရဲ့ ကိုယ်စားလှယ် အမတ် ကာဒီနယ်လ်(Cardinals) တွေအဖြစ် ဇန်န၀ါရီ ၄ ရက်နေ့က ရွေးချယ်ခန့်အပ်လိုက်ပါတယ်။
ရောမမြို့တော် ဗာတီကန်စီးတီးမှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ကက်သလစ် ကျောင်းတော် ခေါင်းဆောင်ပိုင်း ပြုပြင်ရေးကို ဆက်လက် ကြိုးပမ်းတဲ့အနေနဲ့ ကာဒီနယ် ဂိုဏ်းချုပ်အသစ် အယောက် ၂ဝ ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
ဒီထဲမှာ မြန်မာနိုင်ငံက ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်စ်မောင်ဘိုကို ရွေးချယ်ထားပြီး ဒါဟာ မြန်မာနိုင်ငံအတွက် ပထမဆုံးရွေးချယ်ခံရတာပါ။
ရွေးချယ်ခံရသူတွေ အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ပုပ်ရဟန်းမင်ကြီးကို မဲပေးရွေးချယ်ခွင့် ရှိပြီး ဒီပုဂ္ဂိုလ်တွေဟာ ပုပ်ရဟန်းမင်းကြီးပြီးရင် ကတ်သလစ်ကျောင်းတော်မှာ သြဇာအရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။
မြန်မာကိုယ်စားပြု ဆရာတော်ကြီး ချားလ်မောင်ဘို ရွေးချယ်ခံရမှုနဲ့ ပတ်သက်လို့ စိန်မေရီ ဘုရားကျောင်းကဖာသာ ဒေါမစ်နစ်က “အင်မတန်မှ ၀မ်းသာရတဲ့ သတင်းကောင်းတခုပါ။ မြန်မာနိုင်ငံအတွက်ရော တကမ္ဘာလုံးအတွက်ရော အကျိုးတွေအများကြီး ဆောင်ရွက်ပေးနိုင်မယ် လို့လည်း မျှော်လင့်ပါတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။
အခု ရွေးချယ်ခဲ့တဲ့ ကာဒီနယ်လ်အပါး ၂၀ ထဲမှာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အီသီယိုးပီးယား အပါအ၀င် ဥရောပ၊ အာရှ၊ လက်တင်အမေရိကနဲ့ အာဖရိကတိုက်က ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပါဝင်ပြီး ကာဒီနယ်အပါး ၂၀ အတွက် တရားဝင် ခန့်အပ်ပွဲကို လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမှာ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ပြောပါတယ်။

No comments:
Post a Comment