ကယားထဲ
ပြည်နယ်အစိုးရနှင့် ဒေသခံဖွံ့ဖြိုးရေးလူငယ်များ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိနိုင်ရန် လွှတ်တော်သုံးရပ်မှကိုယ်စားလှယ်များက ပေါင်းစပ်ညှိနှိုင်းပေးမည်ဟု ဒီးမော့ဆိုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပြောကြားသွားသည်။
ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး အာဏာသုံးရပ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ တွင်ဖော်ပြပါရှိသည့်အတိုင်း အချုပ်အခြာအာဏာသုံးရပ်အပြန်အလှန်ထိန်းညှိရန်ဆိုသည့်အချက်အရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောဆိုသွားသည်။
“ကျနော်တို့ကတော့ ဥပဒေနှင့်အညီဘဲ ဥပဒေဘောင်ထဲကပဲဆောင်ရွက်လို့ရတယ်။ ကူညီဆောင်ရွက်ပေးလို့ ရတယ်လို့လည်း ပြောထားပြီးသား ဒီနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်တဲ့လုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးပဲ” ဟု ဦးစိုးရယ်က ပြောသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဟိုတယ်လွိုင်ကော်၌ လွှတ်တော် ၃ ရပ်မှ ကိုယ်စားလှယ်များနှင့် ဒေသခံဖွံ့ဖြိုးရေးလူငယ်များတွေ့ဆုံဆွေးနွေးနှီးနှောဖလှယ်ပွဲတွင် လူငယ်များကတင်ပြတောင်းဆိုထားခဲ့ကြ ပြီးနောက် ယခုလိုပြောကြားသွားခြင်းဖြစ်သည်။
ပြည်နယ်အစိုးရနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရာတွင် အခက်အခဲကြုံတွေ့နေကြရသည့်အတွက် ယခုကဲ့သို့ လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များအား ပေါင်းကူးတံတားတခုအနေဖြင့် ဆောင်ရွက်ပေးစေလို ကြောင်း ငြိမ်းဖောင်ဒေးရှင်းမှ ကယားပြည်နယ်တာဝန်ခံ ဆရာပလုရယ်က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်တွေ့ဆုံပွဲ၌ ပြောကြားသွားသည်။
ဆရာပလုရယ်က “ တခါတလေကျရင် ကယားပြည်နယ်မှာအလုပ်လုပ်ရတာကလည်း ပြည်နယ်အစိုးရဆီကို ဆက်သွယ်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့အရမ်းခက်ခဲပါတယ်။ ခက်ခဲတဲ့အပိုင်းကိုတွေ့ရတယ်။” ဟု ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။
ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများနှင့် အတူတကွပူးပေါင်းဆောင်ရွက်မှုတွင်လည်း တရားဝင်အဖွဲ့အစည်းမဟုတ်ပါက အစိုးရနှင့် သက်ဆိုင်ရာဌာနများက ခွင့်မပြုကြောင်း Local Development Network မှ ဒါရိုက်တာ လိရယ်အန်းဂျေလို ကပြောသည်။
၎င်းက “အသင်းအဖွဲ့တရားဝင်အဖွဲ့အစည်းမရှိသေးတဲ့ အဖွဲ့ဆိုရင်တော့ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အခက်အခဲရှိတယ်။ ခွင့်ပြုချက်တွေလွယ်လွယ်နဲ့မပေးဘူး” ဟု ပြောသည်။
လူမှုရေးအသင်းအဖွဲ့များလည်း ဥပဒေနှင့်အညီဖြစ်လာနိုင်ရေးအတွက် အသင်းအဖွဲ့ဥပဒေပြဌာန်း ထားပြီဖြစ်ကြောင်း ၊ မှတ်ပုံတင်ရရှိပါက အစိုးရနှင့် ပိုမိုလက်တွဲလာနိုင်မည်ဖြစ်ကြောင်း အခက်အခဲထပ်မံကြုံတွေ့လာရပါက လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ဦးစိုးရယ်က ဆက်ပြောသွားသည်။
ဒီဇင်ဘာ ၂၉ တွင်ကျင်းပခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံဖွံ့ဖြိုးရေးလူငယ်များ တွေ့ဆုံပွဲသည် လွှတ်တော်သုံးရပ်တွင် ဒေသခံပြည်သူလူထုများ၏ အသံများကို ဖော်ထုတ်ပေးနိုင်ရေးနှင့် ဥပဒေပြုပေးနိုင်ရေးအတွက် ဒေသခံဖွံ့ဖြိုးရေးလူငယ်များက လွှတ်တော်ကိုယ်စားလှယ်များနှင့် အဓိက ဆက်သွယ်မှုကွန်ယှက်တခုဖြစ်လာစေရန် ရည်ရွယ်၍ တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
၎င်းတွေ့ဆုံပွဲသို့ ဒေသခံလူငယ်များ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄ ဦး ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

No comments:
Post a Comment