Tuesday, February 16, 2010

ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ဗုံးပေါက်ကွဲ

ပေါက်ပေါက်/ ၁၆ ဖေဖော်ဝါရီ ၂ဝ၁ဝ

ယခင် ရှမ်းပြည်နယ် အထူးဒေသ (၁) ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မြို့တွင် ယမန်နေ့က ဗုံး (၁) လုံး ပေါက်ကွဲခဲ့သည်။


လောက်ကိုင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ မူးယစ်ဆေးဝါးပြတိုက်အနီးတွင် ယမန်နေ့ နံနက် (၇) နာရီခန့်၌ ဗုံး (၁) လုံး ပေါက်ကွဲခဲ့ရာ တရုတ်အမျိုးသား (၁) ဦး သေဆုံးပြီး လူအချို့ ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု လောက်ကိုင်ဒေသခံတဦးက ပြောသည်။

၎င်းက “တရုတ်နှစ်သစ်ကူး ကာလဆိုတော့ ဟိုဘက် ဒီဘက် ဝင်ထွက် သွားလာတာလည်း ရှိတဲ့အချိန်၊ သေသွားတဲ့ တရုတ်ကတော့ တရုတ်နိုင်ငံဘက်ကလို့ ပြောတယ်။ လူ (၈) ဦးလောက် ဒဏ်ရာရကြတယ်။ အဆောက်အဦ အပြင်ဘက်မှာ ဖြစ်တာ။ အမှိုက်ပုံထဲက ကွဲတာလို့ ပြောတယ်” ဟု ပြောသည်။

ယခုပေါက်ကွဲမှုမဖြစ်ခင် ပြီးခဲ့သည့်သီတင်းပတ်အတွင်းမှစ၍ ဒေသခံအာဏာပိုင်များက ရှာဖွေစစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေပြီး ဗုံးဖောက်ခွဲရန် ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းများ ဒေသအတွင်း ပျံ့နှံ့ခဲ့သည်ဟု အဆိုပါ လောက်ကိုင်ဒေသခံက ပြောသည်။

ယမန်နှစ် အောက်တိုဘာ (၂၄) ရက် ညပိုင်းကလည်း လောက်ကိုင်မြို့တွင် ဗုံး (၁၀) လုံးထက်မနည်း ပေါက်ကွဲခဲ့ရာ ကိုးကန့်ရုပ်မြင်သံကြား ထုတ်လွှင့်နေသည့် အဆောက်အဦနှင့် လက်ကျန် ကိုးကန့်တပ်ဖွဲ့၏ဥက္ကဋ္ဌ တာဝန်ယူထားသူ ပိုင်စုံချိန်၏ လောင်းကစားရုံတို့လည်း ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ပြီး လူထိခိုက်သေကျေမှုများ ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်း ဖြစ်ပွားခဲ့သည့် ကိုးကန့်အရေးအခင်းနောက်ပိုင်း ကိုးကန့်ဒေသအတွင်း နအဖစစ်တပ်များ အင်အားအလုံးအရင်းဖြင့် ဆက်လက် တာဝန်ယူနေသကဲ့သို့ ကိုးကန့်တပ်ဖွဲ့မှ အသွင်ပြောင်းခဲ့သည့် နယ်ခြားစောင့်တပ်ရင်း အမှတ် (၁,ဝဝ၆) လည်း စစ်သင်တန်းဆင်းပြီး၍ ပြန်ရောက်နေချိန်တွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

ဗုံးဖောက်ခွဲသူများသည် ကိုးကန့်အရေးအခင်းတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ဝင်များလည်း ဖြစ်နိုင်သကဲ့သို့ နအဖစစ်တပ်ကလည်း ယခုကဲ့သို့ ဖောက်ခွဲနိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “ဖုန်ကျားရှင်တို့ကို နာမည်ဖျက်တဲ့အနေနဲ့ သူတို့ကိုယ်တိုင်လည်း ဖောက်ခွဲနိုင်တာပဲ။ ပြီးခဲ့တဲ့ (၄၊ ၅) ရက်လောက်ကစလို့ ဗုံးဖောက်ခွဲမယ့် သတင်းရတယ်ဆိုပြီး ဟိုစစ်ဆေး ဒီစစ်ဆေးလုပ်နေတာ။ ဒီလိုအချိန်မှာ မနေ့က ဗုံးပေါက်တယ်ဆိုတာ စဉ်းစားစရာဖြစ်တာပေါ့။ နောက်တခုက ဒေသခံလူထုကလည်း တပ်ကို အမြင်မကြည်တာတွေ ရှိတယ်။ ကိုးကန့် အရေးအခင်းတုန်းက ဒေသခံလူထုတွေရဲ့ ပစ္စည်းတွေယူ၊ အိမ်တွေဖျက်ဆီး၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့် အဲလိုလုပ်ထားတော့ သူတို့လည်း ဖောက်ခွဲနိုင်တာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ခေါ် ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ်လအတွင်းက ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ပြီး အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

ယမန်နှစ် ဧပြီလအတွင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ကမ်းလှမ်းမှုကို လက်မခံသည့်နောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင် မိသားစုအား လက်နက်ထုတ်လုပ်မှု၊ မူးယစ်ဆေးဝါးအမှုတို့ဖြင့် ဖမ်းဆီးရန် ကြိုးစားခဲ့သကဲ့သို့ ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန်ကလည်း ဖုန်ကျားရှင်ထံမှ အာဏာသိမ်းရန် ကြိုးစားခဲ့သည်။

ထိုသို့ ဒေသအတွင်း မငြိမ်မသက် ဖြစ်နေစဉ် နအဖစစ်တပ်များ အင်အားအလုံးအရင်းဖြင့် ကိုးကန့်ဒေသအတွင်းသို့ ဝင်ရောက်လာရာမှ အစပြု၍ နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲဝင်အချို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရပြီး အချို့လည်း တရုတ်ပြည်ဘက် လက်နက်ချသွားခဲ့သည်။

No comments: