မိယဉ်မွန်၊ ကွန်းဟဒေ့
မုဒုံမြို့ပေါ်တွင် လက်ရှိ အိမ်၌နေထိုင်သူများစာရင်းကိုသာ ရပ်ကွက်အလိုက် ရယကအဖွဲ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစပြီး လိုက်လံ ကောက်ခံနေသည်ဟု သိရသည်။
ယခုလက်ရှိ နေအိမ်တွင် နေထိုင်သူများစာရင်းကို ရပ်ကွက်ရှိ ရယကအဖွဲ့ဝင်ဖြစ်သည့် ဆယ်အိမ်ခေါင်းနေအိမ်တွင် သွား ရောက် နာမည်စာရင်း ပေးသွင်းရမည်ဖြစ်ပြီး၊ လက်ရှိ နေအိမ်တွင်မရှိသူများ ပြည်ပသို့အလုပ်ထွက်လုပ်နေသူများစာရင်းကို ထည့်သွင်းရန် ရယကအဖွဲ့ဝင်က လက်မခံဟု မုဒုံမြို့ခံတစ်ဦးက ဆိုသည်။
“အိမ်မှာ ယခုလက်ရှိ ရှိနေတဲ့လူနာမည်တွေကိုပဲ သူတို့က ထည့်ဖို့ခွင့်ပြုတယ်၊ အိမ်မှာမရှိပဲ နိုင်ငံခြားမှာ သွားပြီး အလုပ်လုပ်နေတဲ့သူတွေ နာမည်ကိုတော့ ထည့်ဖို့ (ရယက) ကခွင့်မပြုဘူး” ဟု ၄င်းမြို့ ခံက ပြောသည်။
ထိုကဲ့သို့ အိမ်ရှိလူစာရင်းများ လိုက်လံကောက်ခံနေခြင်းသည် ရပ်ကွက်အလိုက်ကောက်ခံနေသည့်အတွက် တချို့ရပ်ကွက်မှာ ပေးသွင်းခဲ့ပြီးဖြစ်သော်လည်း၊ တချို့ရပ်ကွက်တွေမှာ စာရင်းပေးသွင်းရန် မရောက်သေးကြောင်းလည်း သိရသည်။
ယခုကဲ့သို့ အိမ်ရှိနေထိုင်သူများစာရင်းကို ရယကထံသို့ပေးသွင်းထားရပြီး၊ ထိုစာရင်းအတိုင်း အိမ်၌ရှိနေသူများကို ရယကမှ ခေါ်ယူ တွေ့ဆုံသည့်အခါမှာ အိမ်၌သာရှိရမည်ဖြစ်ပြီး၊ အကယ်၍ ခေါ်ယူတွေ့ဆုံချိန်တွင် နေအိမ်၌မရှိသည်ဖြစ်စေ တနေရာရာသို့ ထွက်သွား၊ ပြောင်းသွားသည်ဖြစ်စေ သက်ဆိုင်ရာ အာဏာပိုင်တို့၏ အရေးယူခြင်းကိုခံရမည်ဟု ရယကမှ ပြောထားကြောင်း အထက်ပါ မြို့ခံက ပြောသည်။
လက်ရှိ ဘုရားသုံးဆူမြို့မှာ အလုပ်လုပ်နေသည့် မုဒုံမြို့ခံတစ်ဦးကလည်း အိမ်ရှိ ၄င်းတို့မိသားစု နာမည်စာရင်းများကို ရယကထံ ထည့်သွင်းပြီးမှ နေအိမ်သို့ပြန်ရောက်လာရာ နောက်ထပ်နာမည်စာရင်း ထပ်သွင်းရန် ရယကမှ ခွင့်မပြုကြောင်း သိရသည်။
ယခုကဲ့သို့ မြန်မာစစ်အစိုးရ အာဏာပိုင်အဖွဲ့အစည်းတို့မှ လက်ရှိ အိမ်တွင် နေထိုင်သူများစာရင်း လိုက်လံကောက်ခံနေခြင်းသည် မြန်မာစစ်အစိုးရတို့ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲထည့်ပေးနိုင်ရန်အတွက် ဖြစ်သည်ဟုလည်း မြို့ခံတို့က ပြောသည်။
လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ မကျင်းပမီကလည်း မြန်မာစစ်အစိုးရအဖွဲ့အစည်းတို့က ယခုကဲ့သို့ နေအိမ်တွက် လက်ရှိနေထိုင်သူစာရင်းများကို ကောက်ခံခဲ့သည်။
No comments:
Post a Comment