ရခိုင်ပြည်နယ် ဂီရိဆိုင်ကလုန်း မုန်တိုင်း ဒဏ်ခံခဲ့ရသော လေဘေးဒုက္ခသည်များ အတွက် အစားအစာ၊ သောက်သုံး ရေသန့်နှင့် အမိုးအကာများ အရေးတကြီး လိုအပ်လျက် ရှိကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော လူမှုရေး အသင်းအဖွဲ့ များမှ တာဝန်ရှိသူများက ပြောကြားသည်။“အခြေအနေတွေက ကတော့အရမ်းကို ဆိုးဝါးနေပါတယ်၊ အစားအစာတွေလည်း အလုံအလောက်မရှိဘူးဖြစ်နေတယ်၊ အခု ဆိုရင် ဆောင်းရာသီလည်း ရောက်တော့မှာဆိုတော့ အအေးဒဏ်ခံရတော့မယ့် လူတွေအတွက် အမိုးအကာတွေ အရေးတကြီး လိုအပ်နေပါတယ်”ဟု ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသော ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်(ALD)ဧ။် ခေါင်းဆောင်နှင့် ပြည့်သူလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က ပြောကြားသည်။
စစ်အစိုးရက ဂီရိဆိုင်ကလုန်း မုန်တိုင်းသင့် ဒေသများသို့ လေဘေးကယ်ဆယ်ရေး ပစ္စည်းများအား ထိထိရောက်ရောက် အကူအညီပေးအပ်ခြင်း မရှိဘဲ NGO အဖွဲ့များ၊ ရခိုင်သဟာရအသင်း၊ စစ်တွေနှင့် မင်းပြားတို့မှ အလှူရှင်များ၊ လူမှုရေး အဖွဲ့အစည်းများ စသည်တို့ကသာ အဓိကလာရောက် လှူဒါန်းကြကြောင်း ဒေသခံများ ကပြောပြသည်။
“အစိုးရကလာလှူတာတွေ ဘာမှမရှိဘူး၊ NGO အဖွဲ့တွေလာတယ်၊ ယူနီဆက်ဖ် တို့လို အဖွဲ့တွေလာလှူကြပါတယ်၊ နောက် ကျနော် ပြောချင်တာက အခုဆို အစိုးရက ပြည်သူတွေကို တောင်ကုတ်မြို့နယ်က သစ်တွေဆွဲဖို့ ပေါ်တာလိုက်ဆွဲနေပါတယ်၊ သစ်တွေက တန်ချိန် ၇၀၀၀ နဲ့ ၈၀၀၀ လောက်ရှိတဲ့သစ်တွေကို သယ်နေရပါတယ်၊ ပြည်သူတွေက အခမဲ့ပေါ်တာ လိုက်နေရပါ တယ်”ဟု မြေပုံဒေသခံ တဦးကပြောကြားသည်။
မုန်တိုင်းသင့် ဒေသများအနက် ကျောက်ဖြူနှင့် မြေပုံဒေသများသို့ ကူညီထောက်ပံ့မှုများ ပြုလုပ်နေသော မင်္ဂလာ ရွှေမြန်မာမှ တာဝန်ရှိသူတဦးက“နေရေး ထိုင်ရေးအတွက် အမိုးအကာတွေ ယာယီတဲတွေ အရေးတကြီး လိုအပ်နေပါတယ်၊ မြေပုံမြို့နယ် မှာဆို တာပေါ်လင်စ ပေးနိုင်တာ သောင်းဂဏန်းပဲရှိတယ်၊ လိုအပ်တာက သိန်းချီပြီးလိုအပ်နေပါတယ်၊ ကျနော်တို့ အဖွဲ့ အနေ နဲ့ စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းပေးနေပါတယ်၊ ဒါပေမယ့် ပျက်စီးမှုရဲ့ငါးရာခိုင်နှုန်းလောက်ပဲ ဖြည့်ဆည်း ပေးနိုင်ပါသေးတယ်” ဟု ပြောသည်။
လေဘေးသင့် ဒေသများမှ သက်ဆိုင်ရာ အာဏာပိုင်များကလည်း အဂတိ လိုက်စားမှုများရှိနေသည်ဟု ကျောက်ဖြူ ဒေသခံ တဦးက ပြောကြားသည်။
အောက်တိုဘာ ၂၂ရက်နေ့က တိုတ်ခတ်ခဲ့သော ဂီရိမုန်တိုင်းသည် ရခိုင်ပြည်နယ် အတွင်းမှ ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ စသည့် ဒေသများကို တစ်နာရီလျှင် မိုင်၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သည်။ နိုဝင်ဘာလ ၁၀ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂအစီရင်ခံစာအရ အဆိုပါဂီရိမုန်တိုင်းကြောင့် အိမ်ခြေပေါင်း နှစ်သောင်းခန့်ပျက်စီး ဆုံးရှူံးခဲ့ရပြီး လူဦးရေ တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment