Sunday, November 21, 2010

ကော့ဘဇားမြို့ ဘုံကထိန် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကော့ဘဇားမြို့ (ဖလောင်းချိတ်) ဘုံကထိန်ကို ရခိုင်အမျိုးသမီး ညီညွတ်ရေး အသင်းမှ နိုဝင်္ဘာလ ၁၉ ရက်နေ့က အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဘုံကထိန်ပွဲတော်အား သုံးရက်တိုင်တိုင် ကော့ဘဇားမြို့ရှိ ပိဋကတ် ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်မှ ဆရာတော်များ အပါအ၀င် ဆရာတော် အပါး ၄၀ ခန့်မှ တက်ရောက်ချီးမြှင့်ခဲ့သည်။

၎င်းပြင် နိုဝင်္ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက သိမ်တပတ်ဆွမ်းလောင်းလှူပွဲကို ပြုလုပ်ခဲ့ပြီး ဆရာတော်များက မြို့ကို ပတ်ကာ မြို့သူ မြို့သားများမှ လောင်းလှူသော ဆွမ်းတော်ကြီးကို လက်ခံ ရယူခဲ့သည်။

ကော့ဘဇားမြို့ခံ တစ်ဦးက “ ကိုယ်ရိုးရာ ကိုယ်ယဉ်ကျေးမူ ဖြစ်တဲ့ သိမ်တပတ်ဆွမ်း လောင်လှူပွဲကို ကျင်းပပြုလုပ်ရတာ ဗုဒ္ဓဘာသာဝင်တွေ အကုန်လုံး ကုသိုလ်ယူနိုင်ရန် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ လူမျိုးခြားတွေ အများအပြား ရှိနေတဲ့ ဒီမြို့မှာ ခုလို သိမ်တပတ်ဆွမ်းလောင်လှူပွဲကို မပြုလုပ်နိုင်တာ နှစ်အတော်ကြာနေခဲ့ပြီ ဖြစ်ပါတယ်။ အခုလို လုပ်တော့ အကုန်လုံးက မမြင်ဘူးတာကို မြင်ဘူးကြရပါတယ်” ဟု ပြောသည်။

နေ့လည် ၃ နာရီတွင် ပိဋကတ် ကျောင်းတော်ဝင်း အတွင်း တည်ဆောက်ထားသော မဏ္ဍပ်တွင် ကျင်းအပြုလုပ်ခဲ့ကြပြီး ရာနှင့် ချီသော မြို့သူ မြို့သားများက တက်ရောက်ခဲ့ကြသည်။

ကထိန်ပွဲတော်ကို ဦးဆောင် ကျင်းပရာတွင် ပါဝင်သူ ဒေါ်ဘုံမ က “ ခုလို ဘုံကထိန်ပွဲတော်ကို ကျင်းပနိုင်ခြင်းမှာ ကျွန်မတို့ အမျိုးသမီးတွေ ညီညွတ်အားနဲ့ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အရင် ကထိန်ပွဲတော်ကို ချမ်းသာတဲ့ သူတွေကသာ ကျင်းပခဲ့ကြပေမယ့် ဒီနှစ်မှာတော့ အမျိုးသမီးတွေ စုပေါင်း ကထိန် သင်္ကန်းကို ကပ်လှူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း ခုလို စုပေါင်း ဘုံကထိန် ဖြစ်ပေါ်အောင် ကြိုးစား သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့ဘဇားခရိုင်တွင် တည်ရှိသော ကယုချောင်း၊ မြစ်နားရွာ၊ ခြံချောင်း၊ ဖလောင်းချိတ်၊ ဟာရဘင်း၊ သော်ဒီဂျာ အထက်ရွာနှင့် မဟားဇိုးရွာကြီး တို့တွင်လည်း ကထိန်ပွဲတော်ကို ကျင်းပခဲ့ကြသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇားခရိုင်တွင် ယခင်က ရခိုင်လူမျိုး သုံးသိန်းခန့် နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ လွတ်လပ်ရေး စစ်ပွဲအတွင်း မြန်မာဘက်သို့ ပြောင်းရွှေ့ သွားကြသဖြင့် ယခုအခါ ရခိုင်လူုမျိုး သုံးသောင်းခန့်သာ ကျန်ရှိခဲ့သည်။

အဆိုပါ ပြောင်းရွှေ့သွားကြသူ ရခိုင် အမျိုးသားများ ကိုးကွယ်ခဲ့သော ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦးများမှာ ယခုထက်ထိ ပြုပြင်မယ့်သူ မရှိဘဲ တည်ရှိနေသည်။

No comments: