Tuesday, November 1, 2011

အလွဲများနဲ့ မျဉ်းပြိုင် (အပိုင်း ၁)

မိုင်အဲမလီ

မျဉ်းပြိုင်က ချော်ထွက်သွားတာလား အလွဲတွေက ၀င်တိုက်သွားတာလား ..။ အလုပ်ကြီး အကိုင်ကြီးရဖို့ ထိုင်းနိုင်ငံကို အိုးနင်း ခွက်နင်း ရောက်လာခဲ့ပါတယ်၊အသိပညာ မစုံ့တစုံနဲ့၊ ဘွဲ့ရပြီးသော်လည်း ပညာတွေက ခေါင်းထဲ ဗလာကျင်းနဲ့ပေါ့။ ဇာတ် တိုက်မထားပေမယ့် ဇာတ်လမ်းက ဒီမှာ ချပြရတော့မှာ။ ရန်ကုန်မှာ ကြီးပြင်းခဲ့တဲ့ကျမ ပြည်နဲ့ ရန်ကုန်က လွဲရင် ဘယ်မှ မရောက်ဖူးဘူး၊ ဘယ်ကိုမှလည်း မသွားချင်။ ဟော .. ရောက်မယ့် ရောက်တော့လည်း ထိုင်းနိုင်ငံထဲ ဗြုန်းစားကြီးကို ရောက်လာတော့တာ။ ၁၀ နှစ်ကြာ ခွဲခွာနေရတဲ့ အစ်မက လှမ်းဆက်သွယ်တယ် .. အလုပ် လုပ်ရမယ်၊ ဒီကိုလာခဲ့ပါ ဆိုတော့ ပျော်တာပေါ့၊ ဘာပြောကောင်းမလဲ၊ ကျမက အလုပ် လုပ်ချင်နေတာ ကြာလှပေါ့။

အဲဒီစိတ်ကူးတွေ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အစ်မအိမ်လည်း ရောက်ရော ကမောက်ကမ ဖြစ်တော့တာပဲ။ ထုံးစံအတိုင်း ရောက်ရောက်ချင်းတော့ အလုပ်အကြောင်း မရှင်းပြသေးဘူးပေါ့။ ကျမရဲ့ ရူပါရုပ်ကို ကြည့်ပြီး အစ်မက ပြောလာပါတယ်။ lotion လေး၊ ဘာလေး လူးစမ်း၊ နင့်အသားအရေကြီးက အပျိုလေးဖြစ်ပြီး သွေးဆုံးကိုင်နေသလား မှတ်ရတယ်၊ မျက်နှာကိုလည်း မှဲ့ခြောက်နဲ့ တင်းတိတ်တို့က ကန်ထရိုက် ဆွဲထားရော့လား၊ နင့်ရုပ်ကို ကြည့်ပြီး ငါ့ညီမလို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး၊ နင့်ကို ငါ့အစ်မကြီးလို့ပဲ ထင်ကြမှာ တဲ့။

ပြောသေးတယ် .. ဒီပုံစံကြီးနဲ့ဆို နင့်ကို ထိုင်းရဲက မြင်ရင် ဖမ်းလိမ့်မယ် သိလား၊ နင့်ရုပ်က တကယ့် ဗမာမှ ဗမာရုပ်အစစ် တဲ့။ ပြောလိုက်တဲ့စကား အလုံးလိုက် အတစ်လိုက်ပဲ။ သူပြောမှပဲ မြန်မာမိန်းကလေးနဲ့ ထိုင်းမိန်းကလေး ဒီလောက် ကွာခြားနေတော့တာကလား။ ဟောဒီက ကျမကလည်း ရန်ကုန်မှာဆို အလန်းဇယားဝင်တဲ့၊ စိုင်းစိုင်းခမ်းလှိုင်ထက် သာတဲ့ မြို့ဂေါ်လီပါနော်။ စိုင်းစိုင်းကတောင် တောဂေါ်လီပဲ ဖြစ်ရတာ။ ကျမတို့က မြို့ ၊မြို့။ မသိရင် မှတ်ထားဦး။ အသားအရေကတော့ ဒီက ထိုင်းမလေးတွေလောက် ဘယ် ပျော့ပျောင်း၊ ၀င်း၊ ညက်နိုင်ပါ့မလဲ။ မျက်နှာကလည်း သူပြောသလောက်ကြီး မဟုတ်မှန်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီးသား။ ဘာဖြစ်ဖြစ် အပေါ်ယံအရေပြားတွေက ပြုပြင်လို့ ရပါတယ်လေ။ အဓိကက အလုပ် လုပ်ရဖို့ပဲ။ ဟုတ်တယ်၊ ဘယ်မှာလဲ ကျမအတွက် အလုပ်၊ အခု ပေးတော့။

လာပြီ .. အလွဲတွေရယ်။ အလုပ်အကြောင်းလည်း ပြောရော ချစ်မမကြီးက ဘာပြောတယ်မှတ်လဲ၊ ငါ့ညီမ .. ထိုင်းနိုင်ငံမှာက စားရ သောက်ရတာ၊ ၀ယ်ရခြမ်းရတာ အဆင်ပြေတယ် ဆိုပေမယ့် အလုပ်က ထင်သလောက် မရှိဘူး တဲ့လေ။ ရှားတယ် .. တဲ့။

ဒီတော့ကာ .. နင် အိမ်ဖော်လုပ်ချင်လား။ ဟာ .. ဒါတော့ မလုပ်၊ မလုပ်။

အေး.. ဒါဆို နင်ပန်းရံလုပ်မလား။ အမ်.. ကျမရဲ့ကျဉ်းနေတဲ့ မျက်လုံးတွေ အလိုလို ကျယ်သွားတယ်။ ကျယ်သွားတယ် ဆိုတာထက် ပြူးသွားတယ်ဆိုရင် ပိုမှန်လိမ့်မယ်။

ဘယ်နှယ့်ကွာ .. အလုပ်ရမယ် လာခဲ့ပါ။ ငါလည်း တလ တလ နင့်ချည်း ပို့ပို့နေရတာ မခံနိုင်တော့ဘူး။ ဒီမှာ ငါအလုပ်ရှာထားတယ်၊ အဆင်သင့်ပဲ၊ နင်သာ ကဆုန်စိုင်းပြီးလာခဲ့ ဆိုလို့ ကျမ လာပြီကော။ ခုတော့ အဆင်သင့် ရှာထားပေးတဲ့ အလုပ်တွေက အိမ်ဖော်လားဟဲ့၊ ပန်းရံလားဟဲ့၊ ဘုရား .. ဘုရား၊ ဒီအလုပ်တွေကို လုပ်ရလိမ့်မယ်လို့ တခါမှဖြင့် မတွေးမိပေါင်။ လုပ်လည်း မလုပ်ချင်။ ကျမ သိထား၊ ကြားထားတာက အလုပ်ကြီး အကိုင်ကြီး တဲ့။ ဘာရယ်လို့တော့ မယ်မယ်ရရ မသိဘူး၊ အလုပ်ကြီး အကိုင်ကြီး ဆိုတာပဲ သိတယ်။

ကျမ ပျာပြီ၊ ပျာယာခတ်နေပြီ။ လုပ်ချင်လွန်းလို့ ပျာတာလား၊ မလုပ်ချင်လို့ ပျာတာလား ဆိုတာ သူက အသေအချာကြီး အကဲခတ်နေသေးတာ။ အမယ်လေးလေးနော်..၊ ကျမ မလုပ်ချင်တာ သေချာပြီလို့ သူထင်တော့မှပဲ။

နောက်အလုပ် တမျိုးကို ထပ်ပြောလာပြန်ပါတယ်။

ဒီမှာ ငါ့ညီမ .. ဒီနိုင်ငံမှာ နင့်လို ပတ်စ်ပို့နဲ့ နေတဲ့လူတွေ ဆိုရင် အလုပ် ကောင်းကောင်း ရနိုင်မှ အဆင်ပြေမယ်။ မဟုတ်လို့ကတော့ ဗီဇာသက်တမ်း တိုးဖို့ တော်တော်လေး စိတ်ပင်ပန်းရတယ်။ ဘယ်မှာလဲ ပိုက်ဆံ ၊ ဘယ်မှာလဲ ခရီးထွက်ဖို့ စရိတ်။ ဒီလို အခက်အခဲမျိုးတွေရှိလို့ တော်တော်များများက ဒီကို ရောက်လာရင် ပတ်စ်ပို့ကို အသေခံလိုက်တာများတယ်။ အဲဒီတော့..။

တြော်ပီ .. တော်ပြီ .. ၊ ကျမ ကြားဖြတ် တားလိုက်တော့တယ်။ ဆက်ပြောမနေနဲ့တော့။ ကျမ ပြန်မယ် အခု။ ပြည်တော်ပြန်မယ်။ ရန်ကုန်ကို ပြန်မယ်၊ ခုချက်ခြင်း။

တရပ်ကွက်လုံးမှာ ကျမတို့ ညီမ နှစ်ယောက်တည်း ရှိနေသလား မှတ်ရတယ်။ သူ့ဘက်က ဖြေးဖြေးချင်း စည်းရုံးနားချ နေပေသော်လည်း ကျမကတော့ ဘယ်နည်းနဲ့မှ ပတ်စ်ပို့ကို အသေမခံနိုင်။ အလုပ် မရရင် နေပါစေ၊ ပြန်ဖို့ပဲ တွေးတော့တယ်။

အစ်မကလည်း လေကြောက ခပ်ရှည်ရှည်၊ ကွမ်းကို အဆက်မပြတ် ၀ါးသေးတာ။ ထိုင်းမှာ အနေကြာလို့ သူ ၀တ်စားဆင်ယင်တာ၊ ထိုင်းစကား ပြောတတ်တာကအစ တော်တော်လေး ထိုင်းပုံ ပေါက်နေပေမယ့် ကွမ်းစားထားလို့ သွားကတော့ တော်တော်လေး နီကျင့်ကျင့် ဖြစ်နေပြီ။

ကျမလည်း ထိုင်းရောက်တာ တလ ပြည့်သွားပြီ။ ဒီနေ့တော့ အလုပ်အကြောင်း ကောင်းကောင်း ပြောဖြစ်နေကြပြီ။

ကျမရဲ့ မနှစ်မြို့တဲ့ အမူအယာတွေ၊ ဒေါသစိတ်တွေကို ကျမ အစ်မ ရိပ်မိမှာပါ။ ဒီတော့လည်း သူ့ရဲ့ နောက်ဆုံးပြောဖို့ ကျန်နေတဲ့ အလုပ်ကို မဆိုင်းမတွ ရွတ်ပြတယ်။ နင် သတင်းထောက် လုပ်မလား.. တဲ့။

သတင်းထောက် …. ဟုတ်လား … ကျမ ချက်ခြင်း ပြန်မေးမိလိုက်တယ်။

ဟုတ်တယ် .. သတင်းထောက်၊ ဒီနိုင်ငံမှာက မြန်မာတွေလည်း ပေါတယ်၊ မြန်မာသတင်းဌာနတွေလည်း ပေါမှပေါ။ ပြည်တွင်းကလာတဲ့သူတွေ သတင်းဌာနတွေမှာ အလုပ်တွေ လျှောက်နေကြတာ။ လစာတွေကလည်း အပြင်မှာရတဲ့လစာနဲ့ ဘာမှမ ဆိုင်ဘူး။ အရမ်း ကွာတယ်။ တလကို အနည်းဆုံး ဘတ်ရှစ်ထောင်၊ တသောင်းက ပြေးမလွတ်ဘူး။ အဲဒီတော့ ငါပြောတဲ့ အလုပ်ကြီးအကိုင်ကြီးဆိုတာ ဒါပဲ။ အဲဒီသတင်းဌာနတွေမှာ အလုပ်ရမယ်ဆိုရင် နင့်ပတ်စ်ပို့လည်း ဆက်ပြီး အသက်ရှင်နေနိုင်မယ်။ လစာလည်း ကောင်းမယ်။ နင့်အတွက်လည်း ရေရှည် ခိုင်တာပေါ့။

အဲဒီလို အဆီ တ၀င်းဝင်းနဲ့ သူ့ဘက်က ပြောလိုက်တော့လည်း ဟုတ်မလိုလိုပဲ။ ဒါပေမယ့် သတင်းထောက်ဖြစ်ဖို့ ဘာတွေ လိုသလဲ၊ ဘယ်အရာတွေ တတ်ထားရသလဲ။ သတင်းဌာန ၀က်ဆိုက်တွေကို အင်တာနက်မှာ ရှာဖတ်ဖို့ အရင်ဆုံး ရိုက်ထည့်ရမယ့် လိပ်စာမှာ ဒဗလျူ (W) သုံးလုံးလား၊ လေးသုံးလားတောင် မသဲကွဲသေးတာ။

အင်တာနက်အကြောင်း ပြောရရင် မြန်မာပြည်မှာနေတုန်းက ကိုယ်ပိုင် အကောင့်လေးတခု သွားဖွင့်တယ်၊ သူငယ်ချင်းတွေကလည်း ကိုယ်ပိုင် အကောင့်လေးတွေနဲ့ အလုပ်ဖြစ်နေတော့ ကိုယ်တွေလည်း ကိုယ်ပိုင် အကောင့်လေးတခု ဖွင့်မှ ခေတ်မီတော့မပေါ့။ ဒီတော့လည်း အင်တာနက်ဆိုင်ကို သွား၊ အကောင့်လေး ဖွင့်၊ စာအုပ်ထဲမှာ ရေးမှတ်ထားသမျှ သူငယ်ချင်းအကောင့်လေးတွေကို အင်ဗိုက်လုပ်။ အီးမေးလ်အကောင့် ရှိပြီ ဆိုတော့ အင်တာနက်ဆိုင်မှာ ရှိနေတဲ့ လူ ၁၅ ယောက်၊ အယောက် ၂၀ ဆီက အကောင့်တွေ အတင်းတောင်း၊ ကိုယ့်အကောင့်ထဲ ထည့်။ အဲဒီတုန်းက မြန်မာစာ မရိုက်တတ်သေးဘူး၊ အင်္ဂလိပ်လိုလည်း သိပ် မပေါက်။ ဘယ်ရမလဲ အင်္ဂလိပ်-မြန်မာ ၂ မျိုးစပ်ကွ ဘားဂလိစ်နဲ့ မိတ်ဆက်လိုက်တာပဲ။ အံမယ် Gmail, Gtalk ပိုးက ကူးလွယ်သား။ တရက်တည်းနဲ့တင် ဆိုင်ကနေကို မခွာချင်တော့ဘူး။ နောက်နေ့ ပြန်ုလာ chat ဦးမယ်ပေါ့။ အားခဲထားပေမယ့် နောက်နေ့ကျတော့ password လုံးလုံး မေ့ပါလေရော့။ အလွဲလေးတွေ ပြောပါတယ်။

စောစောက စကား ပြန်ဆက်ရရင် အင်း .. သတင်းထောက်အလုပ် ဆိုတော့ မှန်တာပြောရရင် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လစာကောင်းတယ် ဆိုတော့ စိတ်ဝင်စားတယ်။ လုပ်ကြည့်ချင်တယ်။ ကြိုးစားကြည့်ချင်တယ်ပေါ့။

ခက်တော့ မခက်လှဘူး ဆိုရမယ်။ ကျမခဲအိုက ဒီဗွီဘီ သတင်းထောက်ကြီးပါ။ အစ်ကိုကလဲ ဧရာဝတီမှာ အလုပ် လုပ်နေတယ်လို့ ပြောတယ်။ ဘာအလုပ်ရယ် မသိဘူး။ သတင်းထောက်လား၊ စက်ပြင်လား မသဲကွဲ။ ဘာဖြစ်ဖြစ် မီဒီယာ အသိုင်းအ၀န်းကဆိုတော့ သူတို့မျက်နှာရှိတယ်ပေါ့။ ကံကောင်းပါစေ၊ ဒီဗွီဘီ ဖြစ်ဖြစ် ၊ ဧရာဝတီဖြစ်ဖြစ် တခုခုတော့ ချိတ်မိရင် မဆိုးလှဘူးရယ်။

ဒီအတွေးနဲ့ ဒီဗွီဘီမှာ မျက်နှာသွားပြ၊ ခဲအိုဖြစ်သူက ရုံးကို အလုပ်လျှောက်စာ တင်ပေး။ မျှော်လင့်တာ .. မျှော်လင့်တာ။ ဧရာဝတီမှာ အစ်ကိုနဲ့ လိုက်သွားပြီး ကိုယ်တိုင် အလုပ်သင် ၀င်ကြည့်ဖို့ အားခဲကြည့်တာ အစ်ကိုက မျက်နှာပူတယ်ဆိုပဲ။ နောက်ဆုံးတော့လည်း ကျမမျှော်လင့်ချက်တွေ အကောင်အထည် ဖော်လိုက်နိုင်ပါတယ်။ ဘ၀ဆိုတဲ့ ပေတရာလမ်းကြီးက မိုးရွာရင် ဗွက်ထသလောက် နေပူရင် ဖုံထူနေပြန်တယ်။ ကျမ မဇ္ဈိမသတင်းဌာနရဲ့ တဦးတည်းသော ရုပ်ပြ သတင်း တင်ဆက်သူ (presenter) ဖြစ်လာပါတော့တယ်။ ထိုင်းနိုင်ငံရဲ့ ပထ၀ီမြေသားပေါ်မှာ တရားဝင် ခြေချနေနိုင်ခွင့် ရဖို့ စီစဉ်နေရာက မထင်မှတ်ဘဲ ကျမ သတင်းထောက်ဘ၀နဲ့ သတင်းလောကထဲကို ၀င်ရောက်ခဲ့ချိန်မှာတော့ သတင်းထောက် တယောက်ရဲ့ အရည်အချင်း၊ အတတ်ပညာ ဗလာ ဗလာတွေနဲ့ ၀ါရင့် သဘာရင့်တွေကို မျက်နှာချင်းဆိုင် ဆုံတွေ့ရပြီဆိုရင်ပဲ မျဉ်းပြိုင်က ချော်ထွက်သွားတာလား၊ အလွဲတွေက ၀င်တိုက်သွားတာလား ….။

No comments: