နော်နိုရင်း
ကချင်ပြည်နယ် မြို့ တော် မြစ်ကြီးနားမြို့မှာ မနေ့ညက ဗုံးပေါက်မှုဖြစ်ပွားခဲ့တဲ့အတွက် လူ ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရ ရှိသွား တယ်လို့ မြစ်ကြီးနား ဆေးရုံက ပြောပါတယ်။
မြစ်ကြီးနားမြို့ သီတာရပ်ကွက် ကားကြီးဝင်းနားက သိုင်းဆရာ၊ ဘင်ခရာတီးဝိုင်းခေါင်းဆောင် ဦးဒီယောင်တန်ဂွန်းရဲ့ နေအိမ်မှာ မနေ့ည ၈ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တာပါ။
မြစ်ကြီးနား ဆေးရုံး တာဝန်ကျ ဆရာမတဦးက “ဒဏ်ရာရတာ ၂၅ ဦး၊ သေတာ ၁၀ ဦးပါ။ ကျောင်းနေအရွယ် ကလေးလေးတွေများတယ်။ ၁၀ နှစ်၊ ၁၂ နှစ်အရွယ်လေးတွေပါ။ ဆေးရုံရောက်လာတဲ့ လူနာတွေရဲ့ အခြေအနေ တွေကတော့ ကောင်းပါတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မရှိပါဘူး။ အရိုးကျိုးလို့ ကျောက်ပတ်တီးစည်းရတာ ၂ ယောက်၊ ၃ယောက်ရှိတယ်။ ကျန်တာတော့ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ထိ မရှိပါဘူး။ ကလေး ၂ ယောက်၊ လူကြီး ၈ ယောက်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့ ဦးဒီယောင်တန်ဂွန်းရဲ့ နေအိမ်မှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ သူ့ဆွေမျိုးတွေနဲ့ မိဘမဲ့ကလေးငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ဦးဒီယောင်တန်ဂွန်း နေအိမ်မှာမရှိဘဲ ခရီးလွန်နေပြီး သေဆုံး ဒဏ်ရာရသူအများစုဟာ ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
“ဦးတန်ဂွန်းက ဘင်ခရာအဖွဲ့ ဖွဲ့ထားတယ်။ ဘင်ခရာအဖွဲ့ထဲက ကလေးတွေလည်း ပါတယ်ပြောတယ်။ စာကျက်နေတဲ့ ကလေးတွေရယ်။ ဘင်ခရာ သင်တန်းတတ်နေတဲ့ ကောင်လေးတွေရယ်ပေါ့။ မိဘမဲ့ကလေးတွေများတယ်။ ဘင်ခရာ သင်တန်းတွေပေးနေရင်းနဲ့ သူကမိဘမဲ့ကလေးတွေကို ခေါ်ထားတယ်လေ။ သူ့မိသားစုက ၂ ယောက်ပါတယ်။ သူတို့ အိမ်ဘေးနားက ကျနော့် ကျောင်းနေဖက် သူငယ်ချင်းက ပြောပြတာ။”
ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ တခြားဒေသခံတဦးက “လူနှစ်ယောက်က အိမ်ထဲကို ၀င်ပြီး ဗုံးကို လာပစ်ချပြီး တမိနစ်လောက်မှာ ဗုံးကွဲတယ်” လို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် ဦးဒီယောင်တန်ဂွန်းအိမ် အပါအ၀င် အနီးအနားက အိမ် ၃ လုံး မီးလောင်သွားတယ်လို့လည်း ဒေသခံက ပြောပါတယ်။
ပေါက်ကွဲမှုအခြေအနေ အသေးစိတ်သိရဖို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဦးဒီယောင်တန်ဂွန်းနေထိုင်ရာ ရပ်ကွက်ရဲစခန်းနဲ့ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျရဲအရာရှိတွေက ဖြေကြားခြင်းမရှိပါဘူး။
မြစ်ကြီးနားမြို့ပေါ် နေရာသုံးခုမှာ နိုဝင်ဘာ ၁၂ ရက် စနေနေ့ညကလည်း ချိန်ကိုက်ဗုံး ၃ လုံးတွေ့ရှိပြီး ၂ လုံး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပါ တယ်။ ထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ကေအိုင်အေနဲ့ မြန်မာအစိုးရတပ်တွေအကြား အခုနှစ် ဇွန်လဆန်းပိုင်းကစလို့ ၁၇ နှစ်ကြာ ထိန်းသိမ်းလာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာသလို မြစ်ကြီးနားမြို့မှာ ဗုံးတွေ မကြာခဏပေါက်ကွဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။
No comments:
Post a Comment