Monday, November 14, 2011

ဥပဒေစိုးမိုးမှုရှိရေး အလွန်အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရွှေအောင်

ဥပဒေစိုးမိုးမှုရှိရေးကိစ္စဟာ အင်မတန်​ အရေးကြီးတယ်လို့ မြင်ကြောင်း တနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့​ ကိစ္စရပ်တွေကို အခြခံပြီး​ ​မြန်မာ့ဒီမိုကရေစီ​ ​ခေါင်းဆောင်​ ​ဒေါ်အောင်ဆန်းစုကြည်က​ ​ပြောကြားလိုက်ပါတယ်။

“ဥပဒေစိုးမိုးရေးဟာ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်ပေါ် မူတည်တယ်၊ တရားရေးမဏ္ဍိုင်ဟာ လွတ်လပ်ပြီး​ သန့်ရှင်းမှ ဥပဒေစိုးမိုးမှုရှိမှာ​ ​ဖြစ်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရန်ကုန်၊ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့ပြုလုပ်တဲ့​ ​နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခြင်း တနှစ်ပြည့် မီဒီယာနဲ့တွေ့ဆုံပွဲမှာ ခုလို​ ​ပြောကြားလိုက်တာပါ။

မီဒီယာတွေ့ဆုံပွဲ အဖွင့်စကား ပြောကြားရာမှာ အဖွဲ့ချုပ်မှတ်ပုံတင်၊ မတင်ကိစ္စကို နိုဝင်ဘာ ၁၈ ရက်ကျမှ ပြောမှာဖြစ်ကြောင်း၊ ဒီရက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်မယ်လို့ ကြားတဲ့အကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။

တိုင်းရင်းသားဒေသတွေ မအေးချမ်းသေးဘဲ၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို စိုးရိမ်နေပြီး သူ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်မှာ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ပါရှိတဲ့အတိုင်း တတ်နိုင်တဲ့နေရာက ​၀င်ရောက်​ ​ဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။

လွတ်မြောက်ခြင်း တနှစ်ပြည့် မီဒီယာတွေ့ဆုံပွဲကို မွန်းလွဲတနာရီမှာ စတင်ပြီး​ ​ဒေါ်အောင်ဆန်းစုကြည် အဖွင့် စကား ပြောကြား ပြီးတဲ့ နောက် ပြည်တွင်းပြည်ပ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဆက်လက်ဖြေကြားပါတယ်။

အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်ရဲ့ ပြောပြထားချက်အရ အခုပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲပြီးရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အလုပ်တာဝန်တွေ များလာတော့ မှာဖြစ်လို့ ဒီနှစ်အတွင်း မီဒီယာနဲ့ သီးသန့်တွေ့ဖို့ အစီအစဉ် မရှိတော့ဘူးလို့ သိရပါတယ်။

No comments: