Friday, November 11, 2011

စစ်တပ်က သိမ်းယူထားသည့် မြေများကို ထုတ်ရောင်း

အဇံ၊ ကောင်းဝါသတင်းဌာန


စစ်တပ်နှင့် မြို့နယ်အာဏာပိုင်များက ၂၀၀၅ ခုနှစ်တွင် သိမ်းယူထားသည့် မြေဧက ၆၀ ခန့်ကို အိမ်ခြံမြေအဖြစ် အကွက်ချ တိုင်းတာကာ ထုတ်ရောင်းလျက် ရှိသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

ခလရ (၃၂) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အောင်ဝင်းခိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းတို့ ပူးပေါင်းပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှ စပြီး တိုင်းတာ ရောင်းချခြင်း ဖြစ်သည်။

‘‘အိမ်ခြံကွက် ၁၀၀ လောက်ရမယ်၊ တကွက်ကို ထိုင်းဘတ် သုံးသောင်းနဲ့ ထုတ်ရောင်းတယ်။ ခုဆို ခြံကွက် ၄၀ လောက် ရောင်းပြီးပြီ” ဟု အမည် မဖော်လိုသူ ဘုရားသုံးဆူမြို့ခံတဦးက ပြောသည်။

အိမ်ခြံမြေ ဝယ်ယူသူများကို သုံးဆူမြို့ရှိ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက မြေဂရမ်များ ထုတ်ပေးနေသည်ဟုလည်း သူက ပြောသည်။

၂၀၀၅ ခုနှစ်တွင် စည်ပင်သာယာမြေဟု ဆိုပြီး ဘုရားသုံးဆူမြို့အနီး အရှေ့တောင်ဘက်တွင် ၁၉၉၀ ခုနှစ်မှ နေထိုင်လာသည့် အိမ်ထောင်စု ၉၀ ခန့်၏ မြေများကို ယခင်မြို့နယ်အာဏာပိုင်များက သိမ်းယူခဲ့သည်ဟု မြို့ခံများက ပြောသည်။

‘‘ဟိုတုန်းကဆို သူတို့ (မြို့နယ်အာဏာပိုင်များ) က အဲဒီမှာ နေလာတဲ့ မိသားစုတွေကို မြို့ရဲ့ တခြားနေရာတခုကို အတင်းအကျပ် ပြောင်းခိုင်းတယ်၊ အဲဒီမိသားစုတွေ အကြီးအကျယ် ဒုက္ခဖြစ်ခဲ့တာ ကျနော် မှတ်မိသေးတယ်” ဟု အခြားမြို့ခံတဦးက ပြောသည်။

‘‘ဒီမြေတွေ ထုတ်ရောင်းတာ တရားမျှတမှု လုံးဝမရှိဘူး၊ အဲဒီမြေပိုင်ရှင်တွေဟာ ဘုရားသုံးဆူမြို့မှာ ခုထိ ရှိနေကြတုန်းပဲ၊ သူတို့ကို ပြန်ပေးသင့်တယ်” ဟု သူက ဖြည့်စွက်ပြောကြားသည်။

မွန်ပြည်နယ် အပါအဝင် အခြားပြည်နယ်နှင့် တိုင်းများတွင် မြန်မာ့တပ်မတော်မှ တပ်သစ် တည်ရန်အတွက် မကြာခဏ မြေယာများ သိမ်းယူလေ့ ရှိသည်။

၂၀၀၀ မှ ၂၀၁၀ ခုနှစ်အတွင်း မြန်မာစစ်တပ်က မွန်ပြည်နယ် မော်လမြိုင်-ရေး မော်တော်ကားလမ်းတလျှောက်ရှိ ရာဘာခြံ ဧကပေါင်း ၁၂၀၀၀ ခန့်ကို သိမ်းယူခဲ့သည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ၏ အစီရင်ခံစာက ဆိုသည်။

မြန်စစ်တပ်၏ မြေယာသိမ်းယူမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို HURFOM ၏ No Land To Farm အမည်ရှိ အစီရင် ခံစာ တွင် မှတ်တမ်းတင်ထားသည်။

လျော်ကြေး တစုံ တရာ ရရှိခြင်း မရှိသည့် မြေယာ အသိမ်းခံ ရသူ များသည် အလုပ် လက်မဲ့ ဖြစ်ပြီး အချို့မှာ ထိုင်း နိုင်ငံသို့ ရွှေ့ပြောင်း အလုပ် သမားအဖြစ် သွားရောက် လုပ်ကိုင်ကြ ရကာ၊ အချို့မှာ ခလောက်ခနီ ဒုက္ခသည် စခန်းသို့ ရောက်ရှိ သွားကြ သည်ဟု သိရသည်။

No comments: